အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်

မေ ၂၀၊ ၂၀၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်၏ လူမှုရေးဦးတည်ချက်သုံးရပ်တွင် တိုင်းရင်းသားလူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဟူသည့် လူမှုရေးဦးတည်ချက်ပါရှိသည်။

နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် ဓလေ့ထုံးတမ်းအစဉ်အလာများ၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ အသီးသီးရှိကြသည်။ တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ကြသည်။ နိုင်ငံတစ်နိုင်ငံတွင် အသစ်အသစ် ပြောင်းလဲတိုးတက်မှုများသည် အသွင်သဏ္ဌာန်ဖြစ်ပြီး မပြောင်းမလဲတည်ထွန်းနေသော ယဉ်ကျေးမှုများသည် အနှစ်သာရများဖြစ်သည်။ နိုင်ငံ၏အမျိုးသားယဉ်ကျေးမှု လက္ခဏာများသည် နိုင်ငံသူနိုင်ငံသားများက နိုင်ငံအပေါ် ချစ်မြတ်နိုးသည့်စိတ်၊ နိုင်ငံသားတစ်ဦးချင်းစီ၏ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေသည့် စွမ်းပကားများကို ရှင်သန်တိုးတက်ဖြစ်ထွန်းစေသည်။

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသောနိုင်ငံဖြစ်သည်။ တိုင်းရင်းသားလူမျိုးအသီးသီးတွင် ကိုယ်ပိုင်ယဉ်ကျေးမှု လက္ခဏာများရှိကြပြီး ရှေးအစဉ်အဆက်မှ ယနေ့ထက်တိုင်အောင် နိုင်ငံသူ နိုင်ငံသားများမြတ်နိုးတန်ဖိုးထားသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ အနုပညာအမျိုးမျိုးရှိသည်။ နိုင်ငံတော်အစိုးရက အဆိုပါယဉ်ကျေးမှုအနုပညာများကို ထိန်းသိမ်းမြှင့်တင်ပေးလျက်ရှိပြီး နောင်မျိုးဆက်ပြည်သူများ မမေ့မပျောက်တန်ဖိုးထားစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုအနုပညာရပ်တို့ကို နှစ်စဉ်ဖော်ထုတ်ပေးလျက်ရှိသည်။

မြန်မာ့ယဉ်ကျေးမှုထုံးတမ်းစဉ်လာဖြစ်သည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နှစ်စဉ်ကျင်းပပေးလျက်ရှိသည်။ ထိုသို့ကျင်းပပေးခြင်းကြောင့် အနယ်နယ်အရပ်ရပ်မှ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြသည့် ရွက်ပုန်းသီးအနုပညာရှင်များ ပေါ်ထွက်လာသည်။ ထူးချွန်သူမြန်မာ့ရိုးရာအနုပညာရှင်များ မပျောက်ကွယ်တော့ဘဲ အစဉ်ရှင်သန်ဖြစ်ထွန်းနေမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်မှ စတင်၍ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်မပျက် ကျင်းပနိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ်မှစတင်၍ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ကျင်းပနိုင်ခြင်းမရှိဘဲ ငါးနှစ်ကြာ ရပ်ဆိုင်းထားရသည်ကို တွေ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်ပါအတိုင်း အမျိုးသားယဉ်ကျေးမှုကို မြှင့်တင်ဖော်ဆောင်ပေးလျက်ရှိရာ ယခင်အစိုးရလက်ထက်က မကျင်းပဖြစ်ဘဲ ရပ်ဆိုင်းထားသော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ပြန်လည်ကျင်းပပေးတော့မည်ဟု သိရသည်။ ငါးနှစ်ကြာတိမ်မြုပ်နေခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များ ပြန်လည်ရှင်သန်လာတော့မည်ဖြစ်၍ မြန်မာ့ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားမြတ်နိုးသူများနှင့် ထိန်းသိမ်းစောင့်ရှောက်နေကြသူ ပြည်သူများအတွက် ဝမ်းမြောက်စရာဖြစ်သည်။

ယခုပြန်လည်ကျင်းပတော့မည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း နေပြည်တော်၌ နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ပွဲမဝင်မီကြိုတင်ပြင်ဆင်ရန်နှင့် အဆင့်ဆင့်ပါဝင်ဆင်နွှဲနိုင်ရန် ကြိုးပမ်းအားထုတ်ကြရတော့မည်ဖြစ်သည်။ ယခုနှစ်တွင် ထည့်သွင်းကျင်းပမည့် တိုင်းရင်းသားရိုးရာအကပြိုင်ပွဲတွင် မွန်တိုင်းရင်းသားတို့၏ ရိုးရာအကကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အဖွဲ့လိုက် ကပြယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာတွင် တိုင်းရင်းသားယဉ်ကျေးမှုအနုပညာသည် တစ်မျိုးတစ်ဘာသာ စိတ်ဝင်စားဖွယ်ရာကောင်းသည့် အနုပညာဖြစ်သည်။ တက်ကြွလန်းဆန်း ပျော်မွေ့ဖွယ်ကောင်းသည့် တိုင်းရင်းသားတို့၏ ရှေးရိုးအစဉ် အလာအနုပညာများကိုလည်း နှစ်စဉ်ထိန်းသိမ်းမြှင့်တင် ဖော်ထုတ်တင်ဆက်ခြင်းဖြင့် တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအနုပညာများ မပျောက်ပျက်ဘဲ တိုင်းရင်းသားလူမျိုး အသီးသီးကြားတွင် ချစ်ခင်ရင်းနှီးသည့်စိတ်၊ ပြည်ထောင်စုစိတ်များ ရှင်သန်နိုးကြားလာမည်ဖြစ်သည်။

သို့ဖြစ်ရာ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြင့်မားတိုးတက်စေသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာများနှင့် တိုင်းရင်းသားတို့ရိုးရာအစဉ်အလာ ယဉ်ကျေးမှုအနုပညာများကို ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာကာ အေးချမ်းသာယာဝပြောသည့် နိုင်ငံအဖြစ်တည်ဆောက်ရန် အထောက်အပံ့ကောင်းများ ဖြစ်စေပါကြောင်း။ ။

ကြေးမုံ