နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်

 (၂၀၂၂ ခုနှစ် မေလ (၁၈)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီ ထုတ်ပြန်ချက်)

=====================

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်မှာ လွန်ခဲ့သော(၂၄)နာရီ အတွင်းက နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်ဒေသအလိုက် မိုးကြီးခဲ့သည်။

နေ့အပူချိန်များမှာ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် မေလ၏ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး ကရင်ပြည်နယ်တွင် မေလ၏ပျမ်းမျှအပူချိန်အောက် (၂)ဒီဂရီ စင်တီဂရိတ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန် တို့အောက် (၃)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။

ထူးခြားသည့်နေ့ အပူချိန်များမှာ ချောက်မြို့တွင် (၄၂)ဒီဂရီစင်တီဂရိတ်နှင့် မကွေးမြို့၊ ဂန့်ဂေါမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ဘော်လခဲမြို့တို့တွင် (၃၉)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြသည်။

မှတ်သားဖွယ်ရာ မိုး‌ရေချိန်များမှာ လောင်းလုံးမြို့တွင် (၃.၂၃)လက်မ၊ ထားဝယ်မြို့တွင် (၃.၀၇)လက်မ၊ ညောင်ဦးမြို့တွင် (၂.၉၅)လက်မ၊ ကျောက်ဆည်(လွန်ကျော်)တွင် (၂.၇၆)လက်မ၊ ငါးသိုင်းချောင်းမြို့တွင် (၂.၆၄)လက်မ၊ ကြာအင်းဆိပ်ကြီးမြို့တွင် (၂.၄၄)လက်မ၊ ညောင်တုန်းမြို့တွင် (၂.၄၃)လက်မ၊ ကြို့ပင်ကောက်မြို့တွင် (၂.၂၈)လက်မနှင့် ချောင်းဆုံမြို့တွင် (၂.၁၇)လက်မတို့ ဖြစ်ကြသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း တို့တွင် မုတ်သုံလေအားအသင့်အတင့်ရှိနေပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက် အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေကာ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ  နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။

မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိတိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်သည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ အနောက်တောင်မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်နိုင်သည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ      မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။

မိုး/ဇလ