ဗီယက်နမ်နိုင်ငံ၌ အသက်ငါးနှစ်မှ ၁၁နှစ်အရွယ် ကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဉ်တွင် သတ်မှတ်ချိန်ထက်နှေးကွေးနေသဖြင့် အရှိန်မြှင့်လုပ်ဆောင်

မေ ၁၈

 

ဗီယက်နမ်နိုင်ငံတွင် အသက် ငါးနှစ်မှ ၁၁ နှစ်အရွယ်ကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုသည် သတ်မှတ်ထားချိန်ထက် ပိုမိုနှေးကွေးနေသဖြင့် အရှိန်မြှင့်လုပ်ဆောင်ကြရန်နှင့် အသက် ၁၈ နှစ်နှင့်အထက်အရွယ်များအား ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံကြရန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း ဒေသန္တရမီဒီယာက ယနေ့တွင် ဖော်ပြထားသည်။

 

အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းစဉ်သည် သတ်မှတ်ထားချိန်ထက်ပိုမိုနှေးကွေးခဲ့ကြောင်းနှင့် အရွယ်ရောက်ပြီးသူများအကြား တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုနှုန်းသည် သတ်မှတ်ထားသည့်အရေအတွက်ထက်နည်းပါးနေသည်ဟု ထိုဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားပြီး နေ့စဉ်ထုတ်ဗီယက်နမ်သတင်းစာတွင် ဖော်ပြထားသည်။

 

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ဒုတိယသုံးလပတ်အတွင်း အသက် ငါးနှစ်မှ ၁၁ နှစ်ကြားအရွယ်ကလေးများအား ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံခြင်းနှင့် အသက် ၁၈ နှစ်အထက်အရွယ်များအား ကိုဗစ်ကာကွယ်ဆေး အပိုဆောင်း ထိုးနှံမှုတို့ကို အပြည့်အဝလုပ်ဆောင်ရန် ရည်မှန်းချက်ကို ယခင်ကပင်ချမှတ်ထားခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေးတတိယအကြိမ်ထိုးနှံပြီးသည့် အသက် ၁၈ နှစ်အထက်အရွယ်  ၅၇ ဒသမ ၁ သန်းကျော်နှင့် အသက် ငါးနှစ်မှ၁၁ နှစ်ကြားအရွယ်ကလေး ၂ ဒသမ ၇ သန်းနီးပါးအပါအဝင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၂၁၇ ဒသမ ၄ သန်းနီးပါးရှိသည်။

 

ဗီယက်နမ်နိုင်ငံတွင် အသက် ၁၈ နှစ်အထက်အရွယ် သန်း ၇၀ ခန့်နှင့် အသက် ငါးနှစ်မှ ၁၁ နှစ်အရွယ်ကလေး ၁၁ ဒသမ ၈ သန်း ရှိသည်ဟု ထိုသတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို