ရန်ကုန် - မေ ၁၈
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ကြီးမှူးကျင်းပသည့် အခြေခံပညာအထက်တန်းဆင့် (Grade-11)သင်ရိုးသစ် တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၁၆ ရက်တွင် စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ကျင်းပခဲ့သည်။
"၂၀၂၂-၂၀၂၃ ပညာနှစ်မှာ နိုင်ငံတော်က သင်ရိုးသစ်အနေနဲ့ (Grade-5)၊ (Grade-8)နဲ့ (Grade-11) အတန်းတွေကို စီစဉ်ပေးပါတယ်။ ကျွန်မက ဗဟိုအဆင့်မှာ သင်တန်းတက် ရောက်ခဲ့ပြီး (Grade-11)သင်ရိုးသစ် အင်္ဂလိပ်စာကို သင်ကြားပို့ချပေးရမှာဖြစ်ပါတယ်။ (Grade-11) သင်ရိုးသစ်မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ဘောဂ၊ ပထဝီ၊ သမိုင်း၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ကာယပညာ ဘာသာရပ်တွေကို ပို့ချသွားမှာ ဖြစ်ပါတယ်။ စာရိတ္တနဲ့ ပြည်သူ့နီတိဘာသာရပ်ကို တချို့မိဘတွေအနေနဲ့ သင်ပေးတာလည်းရှိတယ်။ အခက်အခဲအမျိုးမျိုးကြောင့် သင်မပေးနိုင်တာလည်းရှိတယ်။ ဒါတွေကို သင်ရိုးထဲမှာ ထည့် သွင်းထားပြီး ဆရာ ဆရာမတွေပြန်ပြီး ပို့ချပေးခြင်းအားဖြင့် ကျောင်းသား ကျောင်းသူတွေကို လိမ္မာယဉ်ကျေးပြီး အသိပညာဗဟုသုတ၊ လိုက်နာရမယ့် ဆောင်ရန်၊ ရှောင်ရန်တွေကို သိရှိသွားမယ်။ စိတ်နေစိတ်ထား ယဉ်ကျေးသိမ်မွေ့အောင် ပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း ကာယပညာနဲ့ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပံ့ပိုးပေးသွားခြင်းအားဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ကလေးတွေကို နိုင်ငံတော်အတွက် မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ် "ဟု အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံပယ်လှ က သင်ရိုးသစ်နှင့်စပ်လျဉ်း၍ ပြောကြားသည်။
သင်တန်းကို မေ ၁၆ ရက်မှ မေ ၁၈ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ သုံးရက်ကြာသင်ကြားပို့ချခဲ့ပြီး သင်တန်းနည်းပြ ၄၀ တို့က ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆရာ၊ ဆရာမ ၄၃၀ ကို ပြန်လည်ပို့ချခဲ့ကြောင်း သိရသည်။
(Grade-11) သင်ရိုးသစ် သင်တန်းပို့ချရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်း က " ကျောင်းသား၊ ကျောင်းသူတွေ ၂၁ ရာစုနဲ့ လိုက်လျောညီထွေမှုရှိတဲ့ ပညာရပ်တွေကိုတတ်မြောက်ပြီး တိုင်းချစ် ပြည်ချစ် မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ထက်သန်သော ယဉ်ကျေးလိမ္မာတဲ့ နိုင်ငံတော်ရဲ့ အနာဂတ်သားကောင်း ရတနာတွေ ပြုစုပျိုးထောင်ပေးဖို့ဖြစ်ပါတယ်။ အခု တိုင်းဒေသကြီးအဆင့် သင်တန်း ပို့ချပေး တာဖြစ်ပြီး မြို့နယ်တွေမှာ ဆင့်ပွားသင်တန်းပြန်လည် ပို့ချသွားမှာဖြစ်ပါတယ်" ဟုပြောကြားသည်။
သင်တန်းတက်ရောက်မှုနှင့် ပတ်သက်၍ (အထက-၂) စမ်းချောင်းမြို့နယ် (ကျောင်းအုပ်ဆရာမကြီး) ဒေါက်တာစန္ဒာမြငြိမ်း က "ဒီနေ့က (Grade-11) အထက်တန်း အဆင့် သင်ရိုးသစ်သင်တန်း ဖွင့်ပွဲဖြစ်ပါတယ်။ ယခင်သင်ရိုးဟောင်းမှာ သိပ္ပံတွဲမှာ ၆ ဘာသာ၊ ဝိဇ္ဇာတွဲမှာ ဘောဂဗေဒနဲ့ဆို ၇ ဘာသာ၊ အခုသင်ရိုးသစ်မှာ ၁၀ ဘာသာဖြစ်တဲ့အတွက် သင်တန်း ပြန်ပို့ချဖို့ သင်တန်းတက်ရတာ ဖြစ်ပါတယ်။ ကျွန်မကတော့ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ကာယ ပညာဘာသာရပ်မှာ နည်းပြသင်တန်းတက်မှာဖြစ်ပါတယ်" ဟု ပြောကြားသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာဦးစီးဌာန အောက်ရှိ ထက်/လယ်/မူ ကျောင်းများ တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများကို ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၂ ခုနစ် မေ ၂၆ရက်မှ ဇွန် ၁ရက်အထိ သတ်မှတ်ထားသည်။
သတင်း/ဓာတ်ပုံ- မွှေးမွှေး