ဖိလစ်ပိုင်သမ္မတသစ် ရွေးကောက်ပွဲ အမတ်ဟောင်း မာကို့စ်ဂျူနီယာ နံပါတ်တစ်ပြေးနေ

မနီလာ  မေ  ၁၀
 
ဖိလစ်ပိုင်နိုင်ငံသားများသည် သမ္မတအသစ်နှင့် အစိုးရအဆင့်အားလုံးမှ အရာရှိ ၁၈၀၀၀ ခန့်ကို ရွေးချယ်တင် မြှောက်ရန်အတွက် မေ ၉ ရက် နံနက်ပိုင်းက မဲစတင်ပေးခဲ့ကြောင်း သိရသည်။ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၆၅ ဒသမ ၇ သန်းအတွက် နိုင်ငံတစ်ဝန်း မဲရုံစုစုပေါင်း ၃၇၂၁၁ ရုံကို ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး ည ၇ နာရီတွင် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတ၊  အထက်လွှတ်တော်အမတ် ၁၂ ဦး၊ အောက်လွှတ်တော်အဖွဲ့ဝင် ၃၀၀ ကျော်နှင့် ဒေသဆိုင်ရာ  အရာရှိ ၁၇၀၀၀ ကျော်တို့ကိုလည်း  မဲပေးရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ 

သမ္မတလောင်းအတွက်  နံပါတ်တစ်ပြေးနေသူ  အသက် ၆၄ နှစ် အရွယ် အထက်လွှတ်တော် အမတ်ဟောင်း ဖာဒီနန် မာကို့စ်ဂျူနီယာသည်  အီလိုကော့စ် နော်တီပြည်နယ် ဘာတက်မြို့ရှိ မူလတန်းကျောင်း၌ နံနက်ပိုင်းတွင် မဲပေးခဲ့ကြောင်း သိရသည်။

အသက် ၅၇ နှစ်အရွယ် ၎င်း၏ အဓိကပြိုင်ဘက် လက်ရှိအစိုးရ၏ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသူ  မာရီယာ လီယိုနော်  ရိုဘရီဒိုသည် ဘိုကိုလ်ဒေသရှိ ၎င်း၏ မွေးရပ်မြို့ နာဂါတွင် မဲပေးမည်ဖြစ်ကြောင်း သိရသည်။ 

အသက် ၄၃ နှစ်အရွယ် ဒါဗာအိုမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေသော သမ္မတရိုဒရီဂို ဒူတာတေး၏  သမီးဖြစ်သူ ဆာရာ ဒူတာဒေး ကာပီယိုသည် ဒုတိယသမ္မတနေရာအတွက် ဦးဆောင်နေကြောင်း သိရသည်။  ဖိလစ်ပိုင်အစိုးရသည်  ရွေးကောက်ပွဲအတွင်း စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်နိုင်ရန်အတွက် စစ်သား ၄၅၀၀၀ နှင့် ရဲအရာရှိ ၆၀၀၀၀ ထားရှိပေးထားကြောင်း  သိရသည်။  ထို့အပြင် နေရာအချို့တွင် အကြမ်းဖက်မှုဖြစ်ပွားပါက ဖြေရှင်းနိုင်ရန်အတွက်  ရဲတပ်ဖွဲ့အင်အား  ၁၂၀၀၀  ကို အဆင်သင့် ထားရှိပေးကြောင်းလည်း သိရသည်။       
                                                             
ဆင်ဟွာ