ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၇၁၇ ဦး ထပ်မံတွေ့ရှိ

ဟနွိုင်း   မေ   ၁

 

ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၇၁၇ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်းနှင့် ယင်းကူးစက်ခံရသူ အရေအတွက်သည် ဧပြီ ၃၀ ရက်တွင် ကူးစက်ခံရသူ အရေအတွက်ထက် ၁၃၉၂ ဦးအထိ လျော့ကျမှုရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ အဆိုပါတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင်    ဗီယက်နမ်နိုင်ငံ၌    ကိုဗစ်-၁၉  ရောဂါ  ကူးစက်ခံရသူပေါင်း ၁၀၆၅၃၅၂၆ ဦးရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၄၃၀၄၂ ဦးရှိ ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ   ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူပေါင်း ၉၂၆၄၃၆၆ ဦးရှိပြီး ယင်းအရေအတွက်သည် ကူးစက်ခံရသူပေါင်း၏  ၈၇  ရာခိုင်နှုန်းရှိကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၂၁၄ ဒသမ ၉ သန်းကျော် အသုံးပြုပြီး ဖြစ်ကြောင်းနှင့် အဆိုပါနိုင်ငံအတွင်း အသုံးပြုခဲ့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအနက် အသက် ၁၈ နှစ်နှင့်အထက် အသက်အရွယ်ရှိသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၁၉၆ သန်းကျော် ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်