ရန်ကုန် ၊ ဧပြီ ၂၅

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန  လက်အောက်ရှိ ယွန်းပညာကောလိပ် (ပုဂံ) ကို မေ (၁၂) ရက်တွင် စတင်ဖွင့်လှစ်၍ ယွန်းပညာရပ်များ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ယွန်းပညာကောလိပ် (ပုဂံ) ကို ၂၀၀၃- ခုနှစ်၊ ဒီဇင်ဘာ (၂၉) ရက်တွင် အဆင့်တိုးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ၁၉၉၅-ခုနှစ်တွင် မြန်မာယွန်းသိပ္ပံကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့်ခဲ့ပြီးနောက် ယွန်းပညာကောလိပ် အဖြစ် ယနေ့တိုင် မြန်မာ့ရိုးရာ ယွန်းပညာရပ်များ၊ ခေတ်မီပညာရပ်များနှင့် နိုင်ငံတကာ ယွန်းပညာရပ်များကို လက်တွေ့သင်ကြား ပေးလျက်ရှိသည်။

 

“နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ ယွန်းပညာကောလိပ်မှာ လက်တွေ့သင်ကြား နေမှုကို လေ့လာကြည့်ရှုနိုင်သလို ကျောင်းဝင်းထဲမှာရှိတဲ့ ပြတိုက်၊ နည်းစဉ်ခန်းမနဲ့ ယွန်းပစ္စည်း အရောင်းပြခန်းများကိုလည်း လေ့လာကြည့်ရှုနိုင်ပါတယ်။ မေ (၁၂) ရက်နေ့မှာ ကျောင်းပြန်ဖွင့်မှာ ဖြစ်တဲ့အတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အသက် (၂၅) နှစ် ထက်မကျော်သူများ တက်ရောက် မယ်ဆိုရင် (၂)နှစ် သင်ကြားပြီး ဒီပလိုမာဘွဲ့ ပေးပါတယ်။ (၂) နှစ်ပြီးသွားရင်သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် တတိယနှစ်ကိုဆက်လက် တက်ရောက်နိုင်ပါတယ်။ ဒီပလိုမာဘွဲ့ရဖို့အတွက် ကျောင်းဆင်းလက်ရာနဲ့ ကျောင်းဆင်းစာတမ်းတွေပြုစုပြီး ယွန်းဘာသာရပ်ကို သင်ကြားတဲ့အပြင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် ပေါင်းကူးနိုင်အောင် စီးပွားရေးပညာရပ်တွေကိုလည်း သင်ကြားပေးပါတယ်။ ဒီပလိုမာနဲ့ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်ကျောင်း ပြီးသွားရင် ယွန်းထည်ပညာရပ်နဲ့ စီးပွားရေးပညာရပ်တွေကို သိရှိထားတာကြောင့် စီးပွားရေး ကျွမ်းကျင်တဲ့ လုပ်ငန်းရှင်၊ ပညာရှင်တွေပေါ်ထွန်းလာမှာဖြစ်တဲ့အတွက် ကျွန်မတို့ကျောင်းအနေနဲ့ အဲ့ဒီလိုလုပ်ငန်းရှင်၊ ပညာရှင်တွေထွက်ပေါ်လာအောင် သင်ကြားပေးနေတဲ့ ကျောင်းကြီးပါ” ဟု ပုဂံယွန်းပညာကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီလာမြင့်က ပြောသည်။

 

 ၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်မည်ဖြစ်ပြီး ပထမနှစ်တွင် နှစ်စဉ်ကျောင်းသား (၁၄၀) ခန့်၊ ဒုတိယနှစ်တွင် ကျောင်းသား (၁၀၀) ကျော်ဖြင့် စုစုပေါင်း ကျောင်းသား (၂၅၀) ခန့်ကို ယွန်းပညာရပ်များ နှစ်စဉ် သင်ကြားပေးလျက်ရှိကာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သင်ကြားမှု ယာယီရပ်နားခဲ့ရသော ပထမနှစ်ကျောင်းသား (၁၄၀) ကိုလည်း ယခုကျောင်းဖွင့်ချိန်တွင် ပြန်လည်ခေါ်ယူ သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။

 

ယွန်းပညာကောလိပ်တွင် ဒီပလိုမာ (၂) နှစ် အောင်မြင်ပြီးပါက စီးပွားရေး တက္ကသိုလ်များသို့ ၂၀၀၅-ခုနှစ် မှ ၂၀၁၁- ခုနှစ်ထိ (၆) နှစ် တိတိတက်ရောက် သင်ကြားခွင့်ရခဲ့ပြီး ၂၀၁၁-ခုနှစ်မှ စတင်၍ စစ်ကိုင်းနှင့် သံလျင်တွင်ရှိသော သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်သို့ ပေါင်းကူးတက် ရောက်ခွင့်ရရှိ၍ တက္ကသိုလ်များက ပေးအပ်သော ဘွဲ့များကိုအပ်နှင်းပေးလျက်ရှိကြောင်း သိရသည်။

 

ညိမ်းသူ ( သတင်းစဉ်)

ဓာတ်ပုံ -ကနူး