ဒဂုံအရှေ့ ဧပြီ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ပြည်သူများအား အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသော ဆန်နှင့် ဂျုံများအား ယနေ့နံနက် ၈ နာရီက အမှတ်(၇) ရပ်ကွက်ရှိ ခြင်းရုံ၌ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆန်နှင့်ဂျုံများအား ထောက်ပံ့ပေးအပ်ရာတွင် ရပ်ကွက်/ကျေးရွာများအလိုက် ပြည်သူများ လက်ဝယ်အရောက် ရောက်ရှိနိုင်ရေး စနစ်တကျ ဖြန့်ဝေမှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့် အဖွဲ့ဝင်များက ဖြန့်ဝေပေးနေသော ရပ်ကွက်/ကျေးရွာများအလိုက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ရက်ကွက်/ကျေးရွာအုပ်စု (၃၆)အုပ်စုရှိ ပြည်သူများအတွက် ဆန်(၂၄)ပြည်အိတ် (၇၈၈၆)အိတ်နှင့် ဂျုံအိတ် (၉၅၀)kg ပါ(၁၉၅)အိတ်တို့ ရရှိခဲ့ရာ မြို့နယ်တွင် အိမ်ထောင်စု (၄၃၆၂၆)စုအနက် ဖြန့်ဝေပေးမည့် အိမ်ထောင်စု (၇၈၈၆)စုအား တစ်အိမ်ထောင်စုလျှင် ဆန်(၂၄)ပြည်အိတ် တစ်အိတ်နှုန်း၊ ဂျုံ (၁)ကီလိုဂရမ်တို့ ဖြန့်ဝေပေးခြင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ရေးမှူးများ၊ စာရေးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများမှ ကြီးကြပ်၍ မိမိတို့ ရပ်ကွက်/ကျေးရွာများအလိုက် ပြည်သူများ၏ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ ပေးအပ်လျက်ကြောင်း သိရှိရသည်။
ဝင်းအိမွန် (ဒဂုံအရှေ့ ပြန်/ဆက်)


