မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပမှုများ MRTV မှ တိုက်ရိုက် (Live) ထုတ်လွှင့်တင်ဆက်မည်

နေပြည်တော်၊ ဧပြီ  ၁၂

မြန်မာနိုင်ငံတစ်ဝန်းတွင် ၁၃၈၃ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပပုံများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV – HD မှ ရိုက်ကူးတင်ဆက်သွားမည်ဖြစ်ရာ ထိုသို့တင်ဆက်မှုများအနက်မှ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့တော်ဝန်မဏ္ဍပ်များ၏ ဖွင့်ပွဲအခမ်းအနားများ အပါအဝင် ဖျော်ဖြေတင်ဆက်မှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သီးသန့် Channel များဖြင့် တိုက်ရိုက် (Live) ရိုက်ကူး ထုတ်လွှင့်သွားမည်ဖြစ်သည်။

ထိုကဲ့သို့ထုတ်လွှင့်ရာတွင် သင်္ကြန်အကြိုနေ့ဖြစ်သော ဧပြီလ (၁၃) ရက်နေ့၌ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲနှင့် ဖျော်ဖြေတင်ဆက်မှုများကို MRTV Farmer’s Channelမှ ညနေ (၄) နာရီခွဲတွင်လည်းကောင်း၊ ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲနှင့် ဖျော်ဖြေတင်ဆက်မှုများကို MRTV Sports Channel မှ နံနက် (၇) နာရီ (၁၅) မိနစ်တွင်လည်းကောင်း၊ မန္တလေးမြို့ ရတနာပုံဥယျာဉ်ဖွင့်ပွဲ အခမ်းအနားကို နံနက် (၇) နာရီခွဲမှ နံနက် (၁၀) နာရီအထိလည်းကောင်း၊ မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲနှင့် ဖျော်ဖြေတင်ဆက်မှုများကို ညနေ (၄) နာရီတွင် MRTV Hluttaw Channel မှ လည်းကောင်းစတင် ထုတ်လွှင့်သွားမည်ဖြစ်ပြီး  သင်္ကြန်အကျနေ့ ဧပြီ (၁၄) ရက်၊ သင်္ကြန်အကြတ်နေ့ ဧပြီ (၁၅) ရက်နှင့် သင်္ကြန်အတက်နေ့ ဧပြီ (၁၆) ရက်နေ့တို့တွင် နေ့စဉ် နံနက် (၈) နာရီမှ မွန်းတည့် (၁၂) နာရီနှင့် မွန်းလွဲ (၃) နာရီမှ ညနေ (၆) နာရီ/ ည (၉) နာရီခွဲအထိ လည်းကောင်း ထုတ်လွှင့် တင်ဆက်သွားမည်ဖြစ်သည်။ 

(MRTV)