ဘားအံ ဧပြီ ၁၂
ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကန်သာယာပတ်လမ်း၊ ဦးပေါက်တံတားဖွင့်ပွဲကို ဧပြီ ၁၂ ရက် နံနက် ၈ နာရီခန့်က အဆိုပါတံတားတည်နေရာ၌ ကျင်းပသည်။
ဦးပေါက်တံတားဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံမြို့၏ အလယ်ဗဟိုတွင် တည်ရှိပြီး ဧက(၁၀၀)ခန့်ကျယ်ဝန်းသော ကန်သာယာရေကန်ကြီးကို စိမ်းလန်းစိုပြေမှုရှိစေရေးနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုရှိစေရေး၊ အများပြည်သူ အနားယူအပန်းဖြေနိုင်စေရေး၊ ရှုခင်းအလှများကြည့်ရှုခံစားနိုင်စေရေး၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေကျပ် ၂၈၉ သန်းဖြင့် ကန်သာယာလူကူးတံတား (ဦးပေါက်တံတား)ကို တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ဦးပေါက်တံတားကို ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ ကန်သာယာပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပစေရန် စဉ်ဆက်မပြတ် ဝိုင်းဝန်းထိန်းသိမ်းကြဖို့လိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖ အဖိုးဦးစောဖိုးနီ၊ အဖိုးဦးစောအောင်ပွင့်၊ ပြည်နယ်စည်ပင် သာယာရေးညွှန်ကြားရေးမှူးသူရမြင့်သူတို့က ဦးပေါက်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကန်သာယာလူကူးတံတား ဦးပေါက်တံတားဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ဖွင့်လှစ် ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့၊ ကန်သာယာလူကူးတံတား ဦးပေါက်တံတား ကမ္ဗည်း မော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲသို့တက်ရောက်လာသူများနှင့်အတူ ကမ္ဗည်းမော်ကွန်းအား အမွှေး နံ့သာရည်များ ပက်ဖြန်းပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများသည် ကန်သာယာလူကူးတံတား ဦးပေါက်တံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တံတားဖွင့်ပွဲသို့ တက်ရောက်ဖျော်ဖြေပေးခဲ့သော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူက ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖအဖိုးတို့အား တံတားဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းများ ပေးအပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကန်သာယာပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုရှိစေရေးနှင့် ပြည်တွင်ပြည်ပခရီးသွားများအား ဆွဲဆောင်မှုရှိစေရေး၊ အများပြည်သူအနားယူအပန်းဖြေ နိုင်စေရေး၊ သာယာလှပသော ကန်သာယာရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်စေရေး၊ ကျန်းမာရေးအတွက် ကိုယ် လက်လှုပ်ရှားမှုပြုလုပ်နိုင်စေရေးအတွက် ကန်သာယာပတ်လမ်းပေါ်တွင် Steel Structure Decking (၇၀ပေ x ၃၅ပေ) တစ်ခု၊ ၁၂ ပေအကျယ် ကန်ဘောင်ပတ်လမ်းသစ် ၂၆၀၀ ပေ၊ အမြင့် ၉ ပေရှိ ကျောက်အလှစီမြေထိန်းနံရံ ၁၆၀၀ ပေ၊ ၄ ဧက ကျယ်ဝန်းသော ဇွဲကပင်ပန်းခြံ၊ ကလေးကစားကွင်း၊ ရေပန်း၊ ရေတံခွန်နှင့် ကော်ဖီဆိုင်များ၊ ကန်ပတ်လမ်းပေါ်ရှိ ရန်မျိုးအောင်လမ်းနှင့် ကျော်ဇေယျလမ်းများတွင် ၁၀ ပေ အကျယ်လူသွားလျှောက်လမ်း တိုးချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


