နေပြည်တော် ၊ ဧပြီ ၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဧရိယာအတွင်း လယ်ယာ သား ငါး ထုတ်လုပ်မှု တိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးအခြေခံသော တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်မှု ဖွံ့ဖြိုးလာရန် ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြုပ် တိုးမြှင့်ဆောင်ရွက်ရေးအတွက် လိုအပ်သော အားပေးကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများသည် ဧပြီ (၃) ရက်က လယ်ဝေးမြို့နယ် ပြောင်ခေါင်းကြီး မွေးမြူရေးဇုံအတွင်း ဥစားကြက်၊ အသားစားကြက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များ နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အလားတူ လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးဇုန် သို့ရောက်ရှိကြပြီး စိုက်ကွင်းများတွင် ဆေးရွက်ကြီးပိုးသတ်ဆေး၊ တမာပိုး သတ်ဆေးစသည့် သဘာဝပိုးသတ်ဆေးများနှင့် သဘာဝမြေသြဇာများ အသုံးပြု ဆောင်ရွက်နေမှုများ ၊ စိုက်ပျိုးရေးအလေ့အကျင့်ကောင်း(GAP)စနစ်ဖြင့် စိုက်ပျိုးထား သည့် ဖူးစားပြောင်း စိုက်ခင်း များ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးအားပေးသည်။
မွေးမြူရေးဇုံနှင့် စိုက်ပျိုးရေးဇုန်များအား ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး က ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းရှင်များနှင့် တောင်သူများအားတွေ့ဆုံ၍ အစားအစာ ဘေးကင်းလုံခြုံရေး အတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ စနစ်တကျ လိုက်နာကျင့်သုံးရန်လိုအပ်ချက်များ၊ ဈေးကွက်လိုအပ်ချက်ရှိသော တန်ဖိုးမြင့် ထုတ်ကုန် များ ဖြစ်စေရေး နှင့် တောင်သူ တစ်ဦးချင်း၏ ဝင်ငွေအကျိုးအမြတ် တိုးတက်ရရှိရေး၊ ထုတ်လုပ်မှု စရိတ်လျှော့ချနိုင်ရေးနှင့် အရည်အသွေးပြည့်ဝသော ထုတ်ကုန်များဖြစ် စေရေးအတွက် ခေတ်မီ နည်းပညာများအသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများ အလိုက်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနယူးဧရာစိုက်ပျိုးရေး ကုမ္ပဏီလီမိတက်၏ မျိုးစေ့ထုတ် စိုက်ကွင်းသို့ရောက်ရှိကြပြီး ကုမ္ပဏီနှင့် မိတ်ဘက် တောင်သူများ ပူးပေါင်း၍ နယူးဧရာ (၁) စပ်မျိုးစပါး ဝတ်မှုံကူးခြင်းလုပ်ငန်းများ စပ်မျိုး စပါးမျိုးစေ့ထုတ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးလုပ်ကိုင်သူများအားလုံး မျိုးကောင်မျိုးသန့်မျိုးစေ့များ ဖူလုံစွာ သုံးစွဲ စိုက်ပျိုးနိုင်ရေးနှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးလာရေး အတွက် အစိုးရပုဂ္ဂလိကနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


