နေပြည်တော်၊ ဧပြီ ၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် Online e-Visa စနစ်ဖြင့် Business Visa (လုပ်ငန်းဗီဇာ) လျှောက်ထားမှုကို ယာယီရပ်ဆိုင်းထားရာမှ ခွင့်ပြုချက်ဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ခွင့်ပြု ဆောင်ရွက်လျက်ရှိရာ ခရီးသွားများ အဆင်ပြေစွာ လျှောက်ထားဆောင်ရွက်နိုင်ရေးအတွက် Online e-Visa ထုတ်ပေးခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မိမိတို့ဝန်ကြီးဌာန အနေဖြင့် Online e-Visa စနစ်ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး Online e-Visa (ကမ္ဘာလှည့်) ကို နိုင်ငံပေါင်း (၁၀၀)၊ Online e-Visa (လုပ်ငန်း) ကို နိုင်ငံပေါင်း (၅၅) နိုင်ငံကို ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာမှ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ်၊ မတ် ၂၀ ရက်တွင် ခေတ္တရပ်ဆိုင်းထားခဲ့ပါကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းလျက်ရှိရာ လာမည့် ဧပြီ ၁၇ ရက်မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည် ဝင်ရောက် ပျံသန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာပြီးဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် ခေတ္တရပ်ဆိုင်းထားသည့် Online e-Visa အနက် Business Visa (လုပ်ငန်းဗီဇာ) ကို ဧပြီ ၁ ရက်မှ စတင်လျှောက်ထားနိုင်ကြောင်းကို e-Visa website မှ ကြေညာထားပြီး ယခုအထိလျှောက်ထားသူ (၅၄) ဦး ရှိပြီဖြစ်ကြောင်း၊
ယင်းသို့ ကြေညာရာတွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဖော်ပြပါရှိသော်လည်း ဝင်ရောက်လာသည့် နိုင်ငံခြားသားများအတွက် ကျန်းမာရေးဆိုင်ရာ အာမခံဝန်ဆောင်မှု ပေးရေးကိစ္စများနှင့် ခရီးသွားများ လိုက်နာရန် လိုအပ်ချက်များ၊ အခြားသောဌာနများ၏ လိုအပ်ချက်များ ထပ်မံထည့်သွင်း ဖော်ပြနိုင်ရေးအတွက် ယခုအစည်းအဝေးပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ e-Visa (လုပ်ငန်း) ဖြင့် လျှောက်ထားသူများအတွက် ပြန်လည်အကြောင်းပြန်နိုင်ရေးနှင့် ဧပြီ ၁၇ ရက်တွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများမှ ဝင်ရောက်လာမည့် ခရီးသွားများအတွက် အဖက်ဖက်က ပြည့်စုံမှန်ကန်သည့် သတင်းအချက်အလက်များ ထုတ်ပြန်ဖော်ပြ ကြေညာနိုင်ရေးအတွက် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခချုပ် ဒေါက်တာ အေးထွန်းက ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များနှင့်ပတ်သက်၍ ဗဟိုကော်မတီသို့ နောက်ဆုံးတင်ပြထားသည့် အချက်အလက်များ၊ ကယ်ဆယ်ရေးလေယာဉ်နှင့် ပုံမှန်လေကြောင်းလိုင်းများတွင် လိုက်ပါလာမည့် ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင် ၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်စန္ဒာဦး၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်တင်ရှိန်နှင့် တက်ရောက်လာကြသူများက ခရီးသွားအာမခံနှင့် ကျန်းမာရေး အာမခံထားရှိမှုအတွက် ဆောင်ရွက်သည့်လုပ်ငန်းစဉ်များ၊ အာမခံဆိုင်ရာမူဝါဒများနှင့် ဝန်ဆောင်မှုများ၊ နိုင်ငံခြားသံရုံးများတွင် လျှောက်ထားခွင့်ပြုမည့် ပြည်ဝင်ဗီဇာကိစ္စရပ်များနှင့် ဆောင်ရွက်နေမှု၊ တည်းခိုနေထိုင်ရေးနှင့် Quarantine ဝင်ရောက်ရေးဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများ၊ Online e-Visa ခွင့်ပြု ဆောင်ရွက်နိုင်ရေးအတွက် ဖြည့်စွက်ကြေညာသင့်သည့် အချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။
ထို့နောက် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး မိမိတို့ဌာနမှ ဧပြီ (၁) ရက်တွင် စတင်လျှောက်ထားခွင့်ပြုသည့် Online e-Visa စနစ် Business Visa (လုပ်ငန်းဗီဇာ) အတွက် လိုအပ်ချက်များ ဖြည့်စွက်ဆောင်ရွက်မည့် အစီအစဉ်နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ စတင်မည့် ဧပြီ (၁၇) ရက်တွင် ဆောင်ရွက်မည့်ကိစ္စရပ်များ၌ ပြည်ပခရီးသွားများ အားလုံးအတွက် အသိပေးဆောင်ရွက်မည့် အစီအစဉ်များကို အတည်ပြု ထုတ်ပြန်ကြေညာ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


