နေပြည်တော်၊ ဧပြီ ၃ 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားအားလုံး ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းကို နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားတိုင်း နိုင်ငံသားကတ် (မှတ်ပုံတင်) ကိုင်ဆောင်နိုင်ရေးနှင့် မရှိသေးသူများမဖြစ်မနေ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် အများပြည်သူ ခရီးသွားလာရာတွင်ဖြစ်စေ၊ တည်းခိုနေထိုင်ရာတွင်ဖြစ်စေ၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်ဖြစ်စေ တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်) ကို ဧပြီ ၁ ရက် မှစတင် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျှက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် ဧရာဝတီတံတား (မကွေး) မင်းဘူးဘက်ခြမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သွားရောက်၍ တာဝန်ရှိသူများက ခရီးသွားပြည်သူများကို နိုင်ငံသားကတ် (မှတ်ပုံတင်) ပါရှိခြင်း ရှိ/မရှိ စစ်ဆေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများကို စစ်ဆေးဆောင်ရွက်ခြင်းကြောင့် ခရီးသွားလာမူ ကြန့်ကြာမှု မရှိစေရေးနှင့် ခရီးသွားများအား ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရေး၊ နိုင်ငံသားကတ် (မှတ်ပုံတင်) မပါလာသူများနှင့် မပြုလုပ်ရသေးသူများအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသေးစိတ်မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ခရီးသွားပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ နိုင်ငံသားကတ် စစ်ဆေးရသည့် ရည်ရွယ်ချက်၊ ကတ်ပြား၏ အသုံးဝင်တန်ဖိုးနှင့် စနစ်တကျ ကိုင်ဆောင်နိုင်ရေး အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့၊ မကွေး - တောင်တွင်းကြီးလမ်း၊ ကံပြားစစ်ဆေးရေးဂိတ်၌ တာဝန်ရှိသူများက ခရီးသွားပြည်သူများကို နိုင်ငံသားကတ် (မှတ်ပုံတင်) ပါရှိခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်-ကံပြားလမ်း၊ မြို့သစ်နှင့် တောင်တွင်းကြီးလမ်းခွဲရှိ ဆောက်လုပ်ရေး ဧည့်ခန်းမ၌  ပူးပေါင်စစ်ဆေးရေးဆောင်ရွက်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရီးသွားပြည်သူများအား တွေ့ဆုံကာ နိုင်ငံသားတိုင်း      နိုင်ငံသားကတ် (မှတ်ပုံတင်) ရရှိ ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  နိုင်ငံသားကတ်ကို ယခင် မိုးပွင့်စီမံချက်ဖြင့် ကတ်ပြား (၈ ဒသမ ၄)  သန်းကျော်၊ သစ္စာစီမံချက်ဖြင့်  (၆ ဒသမ ၂) သန်းကျော်၊ ယခုပန်းခင်းစီမံချက်ဖြင့် (၃) သန်းခန့် ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း။

 သို့သော်လည် မပြုလုပ်ရသေးသူများ ကျန်ရှိနေသေးသည့်အတွက် ပြည်သူများအား အသိပေး နှိုးဆော်သည့် အနေဖြင့် ယခုကဲသို့ စစ်ဆေးရေးဂိတ်များနှင့် တည်းခိုနေထိုင်ရာနေရာများ၊ နိုင်ငံသား ကတ်ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် နိုင်ငံသားကတ် ပါ/မပါ စစ်ဆေးဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း။

 ယင်းကဲ့သို့ နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေးမည့် အသိပေးကြေညာချက်ကိုလည်း အများပြည်သူ သိရှိစေရန် လွန်ခဲ့သည့် (၃) ပတ်ခန့်မှစတင်ကာ မီဒီယာများမှ ကြေညာခြင်း၊ အသိပေး ဆိုင်းဘုတ်များ စိုက်ထူ အသိပေးခြင်းစသည့်တို့ကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်ဆေးရေး ဆောင်ရွက်နေသူများအနေဖြင့် အများပြည်သူ ခရီးသွားလာမူ အနှောက်အယှက် မဖြစ်စေရေး၊ လမ်းပန်းဆက်သွယ်မူလုံခြုံ ချောမွေ့စေရေး လုပ်ငန်းကို မထိခိုက်စေရေး စနစ်တကျ စစ်ဆေးရန်နှင့် နိုင်ငံသားကတ် ပါရှိခြင်း ရှိ/မရှိ ပြသစေခြင်းသာ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ မပါရှိသူများကို မှတ်တမ်းထားရှိကာ မပြုလုပ်ရသေးပါက သက်ဆိုင်ရာရုံးများသို့ ဆက်သွယ်ဆောင်ရွက်ရန်နှင့် နောင်အစစ်ဆေးခံနိုင်ရန် ယူဆောင်လာရေး ရှင်းလင်းချပြကြရန် ဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်၏ အသုံးဝင်တန်ဖိုးကို မသိကြဘဲ အဆင်ပြေသလို ထောက်ခံစာဖြင့် သွားလာဆောင်ရွက်နေကြသည်ကို ခွင့်မပြုတော့ဘဲ နိုင်ငံသားကတ်ရှိမှ ဖြစ်မည့်ဆိုသည့် အသိရရှိစေရေး အလေးထား ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ရှင်းလင်းပြောကြားကာ စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား တာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံသားကတ် (မှတ်ပုံတင်) စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အဝင် တောင်ညို စစ်ဆေးရေးဂိတ်၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဝင်များက ခရီးသွားပြည်သူများ နိုင်ငံသားကတ်မှတ်ပုံတင် ပါရှိခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်နေမူကို သွားရောက်ကြည်ရူစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်