နေပြည်တော်၊ ဧပြီ ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် သစ်တောဥပဒေ ပုဒ်မ(၆)၊ ပုဒ်မခွဲ (င) နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၇,၉၂၇) ဧကရှိသော နယ်မြေကို “နန်ချိုကြိုးပြင်ကာကွယ်တောအပိုင်း(၂)” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၆၃/၂၀၂၂) အရ ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်(၂၀၂၂ခုနှစ်၊ ဧပြီလ ၁ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

နန်ချိုကြိုးပြင်ကာကွယ်တောအပိုင်း (၂) သည် နန်ချိုရေအားလျှပ်စစ် စီမံကိန်း၏ ရေဝေ ရေလဲဒေသနှင့် ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်း၏ ရေဝေရေလဲ ဒေသများအား ထိန်းသိမ်းရန်အတွက်လည်းကောင်း၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ မြေဆီလွှာ ထိန်းသိမ်းရေးတို့အတွက်လည်းကောင်း ရည်ရွယ်၍ ကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

နန်ချိုကြိုးပြင်ကာကွယ်တောအပိုင်း (၂) အတွင်း ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက် စသည့် အဖိုးတန်သစ်မျိုးများအပြင် သစ်အယ်၊ သစ်ယား၊ စကားဝါ၊ တောင်တမာ၊ တောင်ပိန္နဲ၊ တောင်မကျီး၊ တောင်သရက်၊ သင်္ဂဒူ၊ သင်းဝင်၊ လယ်ဇ၊ နှော၊ ဒီဒူး၊ နဘဲ၊ လက်ပံ စသည့်သစ်မျိုးများပေါက် ရောက်ခြင်း၊ တောဝက်၊ ချေ၊ ဆတ်၊ မျောက်၊ တောဆိတ်၊ ယုန်၊ ရှဉ့်၊ ရစ်၊ ဘုတ်၊ ခါ၊ ငုံး၊ လင်းယုန်၊ ဇီးကွက်၊ သင်းခွေချပ်၊ စပါးကြီးမြွေ၊ စပါးအုံးမြွေ၊ မြွေဟောက်၊ ငန်းပုတ် စသည့် တိရစ္ဆာန်များ၏ ကျက်စားရာ ဒေသဖြစ်ခြင်း၊ ပေါင်းလောင်းဆည်၏ ရေဝေရေလဲ ဧရိယာဖြစ်သဖြင့် သစ်တော သယံဇာတများ စနစ်တကျ ထိန်းသိမ်းစီမံ အုပ်ချုပ်နိုင်ရန် လိုအပ်ခြင်းတို့ကြောင့် ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြေညာခြင်းဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန