တောင်ကြီး ဧပြီ ၃
ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီခွဲမှစတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်၊ ပန်းတင်ကျေးရွာအုပ်စု၊ ရွှေညောင်မြို့၊ ကျောက်နီကျေးရွာအုပ်စု၊ အေးသာယာမြို့၊ အမှတ်(၁၀)ရပ်ကွက်နှင့် ကျောက်တလုံးကြီးမြို့၊ အသုံးတော်ကျေးရွာအုပ်စုနေ ပြည်သူများအား သတ်မှတ်စုရပ်နေရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ဧပြီ ၇ ရက်အထိလည်းကောင်း၊ သင်္ကြန်ရုံးပိတ်ရက်ပြီးချိန် ဧပြီ ၁၈ ရက်မှ ၂၈ ရက်အထိ တောင်ကြီးမြို့နယ်အတွင်း ကျန်ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်၍ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း


