မန္တလေး မတ် ၃၁

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတစ်ခုဖြစ်သည့် လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော် (Puppet Festival of Lancang-Mekong) ဒုတိယနေ့ အစီအစဉ်များကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့၊ မြနန်းဘုံစံရတနာပုံခန်းမတွင်  Virtual စနစ်ဖြင့် ဆက်လက် ကျင်းပသည်။ 

အစီအစဉ်အရ လန်ချန်း-မဲခေါင် ဒေသတွင်းနိုင်ငံများဖြစ်သော ကမ္ဘာဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရုပ်သေးပညာရှင်များက သက်ဆိုင်ရာနိုင်ငံအလိုက် ရုပ်သေးပညာရပ်များကို ရှင်းလင်းသရုပ်ပြသကြပြီး ဒေသတွင်းရှိ ရိုးရာရုပ်သေးပညာရပ်များကို ရင်းရင်းနှီးနှီး အပြန်အလှန် ဆွေးနွေးဖလှယ်ကြသည်။

 

mdn

 

မွန်းလွဲပိုင်းတွင် နိုင်ငံအလိုက် ရိုးရာရုပ်သေး ဖျော်ဖြေတင်ဆက်မှုများကို တင်ဆက်ကြပြီး မြန်မာနိုင်ငံမှ သူငယ်တော်အက၊ သုံးစုံတွဲနှစ်ပါးအက၊ ဦးရွှေရိုး ဒေါ်မိုးအကများဖြင့် ဖျော်ဖြေတင်ဆက်ကာ အဖွဲ့ဝင် ခြောက်နိုင်ငံမှ ရိုးရာရုပ်သေး အကများပါဝင်သည့် မဲခေါင်-လန်ချန်း ဂုဏ်ပြုတေးဖြင့် ဖျော်ဖြေတင်ဆက်၍ ပိတ်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးသည်။

လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော် ကျင်းပနိုင်ခဲ့ခြင်းကြောင့် မဲခေါင်-လန်ချန်း ဒေသတွင်း နိုင်ငံများရှိ ရုပ်သေးအနုပညာရှင်များ အချင်းချင်း အပြန်အလှန်ချစ်ခင် ယုံကြည်စွာဖြင့် တစ်ဦး၏ ယဉ်ကျေးမှုကို တစ်ဦးက အပြန်အလှန် လေးစားတန်ဖိုးထားကာ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းကြောင့် အတွေးသစ် အမြင်သစ်များ အပြန်အလှန် ဖလှယ်နိုင်ခဲ့ကြ၍ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်၊ မြှင့်တင်၊ ထိန်းသိမ်းခြင်းအတွက် များစွာ အထောက်အကူပြုနိုင်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော် ကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်   (မန္တလေး) မှ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှုးများ၊ ဆရာဆရာမများ၊ မြန်မာနိုင်ငံကိုယ်စားပြု    ရုပ်သေးပညာရှင်ကြီးများနှင့်  တာဝန်ရှိသူများ     လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရုပ်သေးပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်