မကွေး မတ် ၁၈
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ ကျေးရွာလေးရွာ၌ ၂၀၂၁-၂၀၂၂ (၆)လ ဘတ်ဂျက်တွင် ဆောင်ရွက်ပြီးစီးပြီဖြစ်သော ကျေးလက်ရေရရှိရေးလုပ်ငန်းများကို မတ်(၁၇) ရက်က မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇောဟိန်း၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့ ဝန်ထမ်းများ ကွင်းဆင်းသွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာလေးရွာဖြစ်သော ကန်ရေကြီး(တ)ကျေးရွာ၊ ထိန်ကန်ကျေးရွာ၊ ကန်သာကျေးရွာနှင့် မိုလာကျေးရွာများ၌ ဂါလန် (၂၄၀၀)ဆံ့ ရေစင်တည်ဆောက်ခြင်း၊ ပေ(၁၃၀၀၀)ရှိ ရေပိုက်လိုင်း သွယ်တန်းခြင်း၊ ဂါလန်(၅၀၀၀)ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း၊ ၂" PVC ပေ (၆၅၀၀) ပိုက်လိုင်းသွယ်တန်းခြင်းနှင့် ကုဗပေ (၁၇၀၀၀၀) မြေသားရေကန်တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများကို တင်ဒါ အောင်မြင်သည့် စွမ်းထက်ပြည့်ကုမ္ပဏီနှင့် ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းကြောင့် နွေရာသီရေရှားပါးမှု ကြုံတွေ့ခဲ့သော အဆိုပါကျေးရွာများရှိ ကျေးလက်နေပြည်သူများ ရေလုံလောက်စွာရရှိနိုင်တော့မည်ဖြစ်ကြောင်း မကွေခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇောဟိန်းထံမှ သိရသည်။
ရည်ရည်မြ(ကျေးလက်)


