ချောင်းဆုံ မတ် ၁၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း နွေစပါးစိုက်တောင်သူဦးကြီးများ စပါးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးပြီး ဝင်ငွေတိုးပွားစေရန်အတွက် နွေစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲ ကို မတ် ၁၈ ရက် နံနက် ၁၀ နာရီက ချောင်းဆုံအနောက်ရပ်ကွက်တွင် ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
နွေစပါး စံကွက်ရိတ်သိမ်းခြင်းကို ချောင်းဆုံအနောက်ရပ်ကွက် ကွင်းအမှတ် (၇၁၃) ရှိ တောင်သူ ဦးစိုးသန်း၏ သီးထပ်ရင်စပါး စိုက်ခင်း (၉) ဧကရှိ စံကွက် ရိတ်သိမ်းခြွေလှေ့ခဲ့ရာ တစ်ဧက ပျမ်းမျှအထွက်နှုန်း တင်း (၁၀၀)ကျော်ခန့် ထွက်ရှိခဲ့ကြောင်း ယခင်နှစ်က တင်း (၆၀) နှင့် တင်း (၈၀) ကြားသာ ရရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချောင်းဆုံမြို့နယ်အတွင်း နွေစပါးစိုက် ဧကပေါင်း (၁၂၄) ဧက ရှိပြီး တောင်သူများ လိုအပ်သည့် ဓာတ်မြေသြဇာရရှိရေးနှင့် မျိုးကောင်းမျိုးသန့်ရရှိရေးတို့ကို လာမည့်စိုက်ပျိုးရာသီအမီ ထောက်ပံ့ ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)


