နတ်တလင်း မတ် ၁၆
မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများအသင်း၏ စီစဉ်မှုဖြင့် နတ်တလင်းမြို့ ရွာမရပ်ကွက် တာပွန်လမ်းရှိ အောင်ချမ်းသာဆီစက်တွင် ဒေသခံပြည်သူများအား သက်သာသောဈေးဖြင့် စားသုံးဆီ ရောင်းချပေးခြင်းကို မတ် ၁၅ ရက် နေ့လယ်ပိုင်းအချိန်မှ စတင်ရောင်းချပေးလျက်ရှိသည်။
နတ်တလင်းမြို့ ဒေသခံပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ဝယ်ယူစားသုံးနိုင်ရန် တစ်ပိဿာလျှင် (၆၈၀၀)ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် သုံးပိဿာနှုန်း ရောင်းချပေးလျက်ရှိကြောင်း မြို့ပေါ်တွင်သာမက ကျေးရွာများမှ ဒေသခံများကိုလည်း ဖြန့်ဖြူးပေးလျက်ရှိပြီး တစ်ရက်လျှင် ပိဿာချိန် (၁၁၀)ပါ ဆီပီပါ (၁၅)လုံး ရောင်းချပေးမည်ဖြစ်ကြောင်း အောင်ချမ်းသာ ဆီစက်ပိုင်ရှင် ဦးအောင်အောင်က ပြောသည်။
ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ရောင်းချပေးခြင်း ဖြစ်ကြောင်းနှင့် ယခုတစ်ပတ် ဈေးကွက်အတွင်းတွင် ဟင်းသီးဟင်းရွက်ဆီ တစ်ပိဿာကို ကျပ်ငွေ(၈၀၀၀)ကျော်၊ ပဲဆီတစ်ပိဿာကို (၁၀၀၀၀) ကျပ်ခန့်နှင့် စားအုန်းဆီ တစ်ပိဿာကို ကျပ်ငွေ (၇၆၀၀)ခန့်ရှိသဖြင့် ပြည်သူများစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါရောင်းချပေးမှုအား ခရိုင်နှင့် မြို့နယ် စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)


