ချောက် မတ် ၁၅

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခြောက်လဘတ်ဂျက်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၃၉ ဒသမ သန်းအသုံးပြု၍ ချောက်မြို့နယ်အတွင်း ကျေးလက်ကုန်ထုတ်လမ်း တစ်လမ်းနှင့် ရေပေးရေးလုပ်ငန်း ကိုးခုကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ စတုတ္ထပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

 

ချောက်မြို့နယ်အတွင်းရှိ ဆယ်ကန်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ၇ ဒသမ ၅ ဖာလုံဖောက်လုပ်ခြင်း၊ ဂွေးပင်ချိုကျေးရွာတွင် Solar Pump တပ်ဆင်ခြင်း၊ ကန်ရေကြီး(တ)ကျေးရွာတွင် ဂါလန် ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်း၊ ထောက်ရှည်ကန်ကျေးရွာတွင် ဂါလန် ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်း၊ စမ်းကန်ကျေးရွာတွင် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း ပေ ၇၀၀ သွယ်တန်းခြင်း၊ ဆယ်ကန်ကျေးရွာတွင် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း ၇၅၀၀ ပေသွယ်တန်းခြင်း၊ ထိန်ကန်ကျေးရွာ အိမ်တိုင်ရာရောက် ရေပိုက်လိုင်း ပေ ၁၃၀၀၀ သွယ်တန်းခြင်း၊ ကံသာကျေးရွာတွင် ဂါလန် ၅၀၀၀ ဆံ့ ရေကန်နှင့် ရေပိုက်လိုင်း ပေ ၆၅၀၀ သွယ်တန်းခြင်း၊ မိုလာကျေးရွာတွင် မြေသားရေကန် ၁၇၀၀၀၀ ကုဗပေ တိုးချဲ့ပြုပြင်ခြင်း စုစုပေါင်း ကျေးရွာ(၉)ရွာ၌ ဖွံ့ဖြိုးရေးလုပ်ငန်း (၉)ခုကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၀၁ ဒသမ ၅ ကျပ်သန်းဖြင့် လည်းကောင်း၊ ရှားပင်ကျေးရွာ၌ မြေသားရေကန် ၅၁၀၀၀၀ ကုဗပေ တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၃၈ ဒသမ ၁ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ပြောသည်။

 

အဆိုပါကျေးရွာ (၁၀)ရွာ၌ ကျေးလက်ကုန်ထုတ်လမ်း တစ်လမ်းနှင့် ရေပေးရေးလုပ်ငန်း (၉)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် အိမ်ခြေ (၁၁၇)၊ လူဦးရေ (၇၈၁)ဦးတို့၏ လယ်ယာထုတ်ကုန် (၁၁၇)ဧကကျော်၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပေးပို့ခြင်းနှင့် ကျေးရွာများရှိ အိမ်ခြေ (၁၆၆၀)၊ လူဦးရေ (၇၄၉၁)ဦးတို့၏ လူနှင့် ကျွဲ၊ နွားတိရစ္ဆာန်များ၏ သောက်သုံးရေဖူလုံစွာ ရရှိရေးအအတွက် အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ဆက်လက်ပြောပြ၍ သိရသည်။

 

စိုးမိုးကျော်