နေပြည်တော် မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၌ ဆီထွက်နေကြာတိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မတ် ၁၃ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဧည့်ရိပ်သာ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး တောင်သူများ တွက်ခြေကိုက်မည့် အထွက်နှုန်းနှင့် ဝင်ငွေရရှိရေးအတွက် လိုအပ်သည့်ကူညီပံ့ပိုးမှုများ စီမံဆောင်ရွက်ပေးနိုင်ရေး ဆိုင်ရာများ၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးလာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
စာရင်းများအရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံစိုက်ဧရိယာအနေဖြင့် မြေပဲဧက (၂၈)သိန်းကျော်၊ နှမ်းဧက(၃၈)သိန်း၊ နေကြာဧက(၆)သိန်းခန့် အပါအဝင် ဆီထွက်သီးနှံစိုက်ဧက (၇၆)သိန်းကျော် စိုက်ပျိုးထုတ်လုပ်ခဲ့ကြောင်း၊ ပြည်တွင်း၌ မြေပဲဆီနှင့် နှမ်းဆီ (၂)မျိုးကို အဓိက ထုတ်လုပ်စားသုံးမှုရှိပြီး ဝင်ငွေနည်း ပြည်သူများအနေဖြင့် စားအုန်းဆီနှင့် ရောနှောဆီများကို စားသုံးလျက်ရှိသဖြင့် နှစ်စဉ် ပြည်ပမှစားအုန်းဆီ မက်ထရစ်တန် (၂)သိန်းခန့်ကို တင်သွင်းနေရလျက်ရှိရာ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ကာလတိုအတွင်း သိသိသာသာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တစ်ဧက ဆီထွက်ရှိနိုင်မှု မြင့်မားသော စပ်မျိုးနေကြာ စိုက်ပျိုးရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဧက(၁၅)သိန်း စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၌ ဆောင်းသီးနှံအဖြစ် နေကြာဧက(၂)သိန်းကျော် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပြီး သီးနှံပေါ်ချိန် ဆီထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုတင်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်ခွဲ ချောင်းသာကျေးရွာ ပုစွန်သားဖေါက်စခန်းနှင့် မအူပင်မြို့နယ်၊ တလုပ်လှငါးလုပ်ငန်းစခန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒေသ၏ ငါးပုစွန်မွေးမြူထုတ်လုပ်မှုအတွက် လိုအပ်သည့် သားပေါက်များ အရည်အသွေးနှင့် အရေအတွက် ပြည့်မီစွာ ထုတ်လုပ်ပေးရန် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ညောင်တုန်းကျွန်းရှိ မဲဇလီ ရေထိန်းတံခါးကြံ့ခိုင်မှုနှင့် ရေဝင်ရေလွှဲ ထိန်းသိမ်းမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မအူပင်မြို့နယ်နှင့် ညောင်တုန်းမြို့နယ်များရှိ ရေနက်ကွင်း ဧရိယာများအတွင်း မိုးရာသီ ရေလွှမ်းမိုးမှု ကာကွယ်ပေးရေးလုပ်ငန်းများနှင့် နွေရာသီတွင် နွေစပါးသီးနှံအပါအဝင် အခြားသီးနှံများကို ရေနက်ကွင်းများ၌ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး၊ သီးနှံပုံစံမှန်ကန်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


