နေပြည်တော် မတ် ၁၄
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ (၁၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို (၁၃၃)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ စေတီတော်မြတ်ကြီး၏ လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော် နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဂန္ထဝါစကပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ စန္ဒောဘာသနှင့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ ဟောကြားသည့် (၅)ပါးသီလဆိုင်ရာ တရားတော်ကို နာယူကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်


