ရန်ကုန်၊ မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့်အတူ နံနက် ၇ နာရီခွဲတွင် ရန်ကင်းမြို့နယ်၊ ၈ ရပ်ကွက်ရှိ ရေပေါက်ကြည်ချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ချောင်းအတွင်းမှ အမှိုက်နှင့် နုန်းများကို လူအင်အား၊ ယန္တရားအင်အားများဖြင့် ဆယ်ယူရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ပါရမီလမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် လမ်းဘေးဝဲ/ယာ အမှိုက်များ ရှင်းလင်းနေမှု၊ လမ်းတစ်လျှောက် အရိပ်ရပင်၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်း အလင်းဖွင့်နေမှုတို့ကို လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၅) ရပ်ကွက်၊ ပါရမီလမ်းပေါ်ရှိ တကောင်းမြောင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှုတို့ကို လည်းကောင်း၊ ရန်ကုန်မြို့တွင်း ရေရှားပါးသော မြို့နယ်များကို သောက်သုံးရေ ဖြန့်ဖြူးနိုင်ရန် စည်ပင်သာယာရေသယ်ယာဉ်များနှင့် ရှင်သန်ရေးကူညီမှုအသင်းမှ ရေဂါလန် ၃၅၀၀ ဆံ့နှင့် ရေဂါလန် ၃၂၀၀ ဆံ့ ရေသယ်ယာဉ်များဖြင့် ရေများဖြည့်တင်းနေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်သည် နံနက် ၈ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်၊ ရေစက်လမ်းရှိ ရေကူးရေတွန်းစက်ရုံ ရေအလေအလွင့်ဆုံးရှုံးမှု ထိန်းသိမ်းရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း သင်တန်းခန်းမ၌ ပြုလုပ်သော နွေရာသီကာလ လျှပ်စစ်မီးပြတ်တောက်ချိန်များ၌ ရန်ကုန်မြို့နေပြည်သူများ သောက်သုံးရေသုံးစွဲမှု အဆင်ပြေစေရန် ရေပေးဝေရေး စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးကို တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


