ပုသိမ် မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာအုပ်စု၌ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန(ပုသိမ်)၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်အမှတ်စဉ် (၃)ကို သင်ကြားပြသလျက်ရှိရာ သင်တန်းတက်ရောက်ကြသူများ အနေဖြင့် သတင်းအမှားအမှန် ခွဲခြားသိရှိနိုင်ရေးနှင့် မူးယစ်ဆေးဝါးဆိုင်ရာ တားဆီးကာကွယ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို မတ် ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရှိန်မှ ရှင်းလင်းပြောကြားရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ သတင်းရေးသားဖော်ပြခြင်းနှင့် ပတ်သက်၍ လိုအပ်ချက်များကို လည်းကောင်း၊ သတင်းအမှားအမှန် ခွဲခြားတတ်စေရန် စသည့် အကြောင်းကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပုသိမ်မြို့၊ နယ်သင်္ဘောကျင်းရဲစခန်းမှူး ရဲအုပ်သန့်ဇင်မှ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့်ပတ်သက်သော အကြောင်းအရာများနှင့် သုံးစွဲမှု၏ ဆိုးကျိုးများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။
အဆိုပါသင်တန်းကို (၁၈)ပတ်အကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုလကုန်တွင် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အသိပညာပေး ဟောပြောပွဲများသို့ သင်တန်းသူများနှင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ တက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းမှ ထူးချွန်သူများကို အပ်ချုပ်စက်နှင့် အခြားဆုများ ထောက်ပံပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်စဉ် ကာလအတွင်း နေထိုင်မှုစားစရိတ်နှင့် သင်တန်းသုံး အသုံးအဆောင်ပစ္စည်းများကို သင်တန်းကျောင်းမှ အခမဲ့ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်ခရိုင်(ပြန်/ဆက်)


