နေပြည်တော် မတ် ၁၃
အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများကို ကာလတိုးအတွင်း တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် တစ်ဧက၏ ဆီထုတ်လုပ်နိုင်မှု အများဆုံးဖြစ်သည့် စပ်မျိုး နေကြာသီးနှံကို ပဲခူးတိုင်းဒေသကြီးအတွင်း တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ် ၁၂ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဒေသ ရေ၊ မြေနှင့်ကိုက်ညီသည့် နေကြာမျိုးသန့်များ အသုံးပြုနိုင်ရေး၊ တောင်သူများအတွက် ဝင်ငွေအကျိုးအမြတ်ရှိစေမည့် အထွက်နှုန်းရရှိရေး၊ သွင်းအားစု အပါအဝင် လိုအပ်ချက်များ ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် ဆောင်ရွက်နိုင်ရေး၊ ထွက်ရှိလာမည့် နေကြာသီးနှံများကို စားသုံးဆီ အဖြစ် ထုတ်လုပ်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းရှင်များနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးဌာနအပိုင်း နှင့် တိုင်းဒေသကြီးအစိုးရပိုင်းတို့မှ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး၌ ၂၀၂၁-၂၀၂၂ခုနှစ်အတွင်း မိုးစပါး နွေစပါး စုစုပေါင်း ဧက သိန်း (၃၀) ခန့် ၊ ပဲမျိုးစုံ ဧက သိန်း (၂၀) ကျော် ၊ ဆီထွက်သီးနှံ ဧက (၄) သိန်းခန့် နှင့် သီးနှံစုံ စိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး လာမည့်စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနေကြာကို ဧက (၈၅၀၀၀) ကျော် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ သဇင်ရေကျော် ကျေးရွာအုပ်စုရှိ ပုဂ္ဂလိက ငါး၊ ပုစွန် မွေးမြူရေးစခန်း၏ ရေချိုပုဇွန်ထုတ်ကြီးမျိုး သားဖေါက်ခြင်း၊ မွေးမြူရေးတောင်သူများသို့ ဖြန့်ဝေခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့နယ်၊ ကျုံတုံးကြီးကျေးရွာ နွေစပါး မျိုးစေ့ထုတ် တောင်သူစိုက်ကွင်းတွင် ဆင့်ပွားမိဘ မျိုးစေ့ (RS) မှ စီးပွားဖြစ်စိုက်ပျိုးရန် (CS) ဆင်းသုခ စပါးမျိုး စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံကာ သဘာဝမြေသြဇာ ဘိုကာရှီ ထုတ်လုပ်သုံးစွဲရေး၊ တောင်သူအချင်းချင်း နည်းပညာဖလှယ်ရေးနှင့် သီးနှံစိုက် စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မြောင်းမြမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်သူများ တိုးပွားရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဒေသရေမြေ ရာသီဥတု အခြေခံကောင်းများကို ဖော်ထုတ်အသုံးချနိုင်သဖြင့် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်နိုင်သူများအဖြစ် ရပ်တည်နိုင်ရေး လေ့လာသင်ယူကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးက ကျောင်းသူ ကျောင်းသားများအတွက် စားသောက်ဖွယ်များကို ပေးအပ်ရာ ကျောင်းသူ ကျောင်းသား ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ မြောင်းမြမြို့၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာနသို့ ရောက်ရှိကြပြီး ဒေသ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်သော သီးနှံမျိုးများ၊ နည်းပညာနှင့် စျေးကွက် သတင်းအချက်အလက်ဆိုင်ရာ သုသေသနလုပ်ငန်း ဆောင်ရွက်နေမှု၊ သဘာဝနှင့် ဓါတ်မြေသြဇာ ထည့်သွင်းမှုနည်းစနစ် အမျိုးမျိုး၏ အထွက်နှုန်းနှင့် အရည်အသွေးပေါ် အကျိုးသက်ရောက်မှု သုတေသနပြု စိုက်ခင်းများ၊ မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်များကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


