မင်းဘူး    မတ် ၁၃

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကိုင်းမကြီးကျေးရွာသို့ မတ် ၁၂ ရက် မွန်းလွဲပိုင်းက သွားရောက်ခဲ့ပြီး ကိုင်းမကြီးကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို ကိုင်းမကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မီးဘေးသင့် အိမ်ထောင်စု ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အားပေးစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် (၃)သိန်းကျပ်နှုန်းဖြင့် မီးဘေးသင့် အိမ်ထောင်စုပေါင်း (၇၂)စုအတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၂၁,၆၀၀,၀၀၀ အား ထောက်ပံ့ပေးအပ်ကာ ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။ 

ဆက်လက်၍ မီးဘေးသင့် အိမ်ထောင်စု ဒေသခံများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ပတ်သက်၍ တင်ပြရာ မီးဘေးသင့်ပြည်သူများ၏ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ကိုင်းမကြီးကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စုပေါင်း (၇၂)စုနှင့် လူဦးရေ (၂၇၀)ဦးရှိပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် (၃)သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၁,၆၀၀,၀၀၀၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုပေါင်း (၇၂)စုနှင့် မိသားစုဝင်များအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၈,၈၆၇,၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၇၂)ပုံး၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ မိသားစုများမှ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် နို့ဆီများ၊ အခြေခံပညာဦးစီးဌာနမှ မီးဘေးသင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်၊ ပုံနှိပ်စာနှင့် စာရေးကိရိယာပစ္စည်းများ၊ ကောင်းမွန်မိသားစု(မကွေး)မှ တစ်အိမ်ထောင်လျှင် ဆန်(၆)ပြည်၊ ရေသန့် (၂၀)လီတာ တစ်ဘူးနှုန်း၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း(မင်းဘူး)မှ တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်၊ ရေသန့်တစ်ကဒ်နှင့် မုန့်မျိုးစုံတစ်ထုပ်နှုန်းအပြင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များနှင့် ပရဟိတအဖွဲ့အစည်းများမှလည်း အလှူငွေ၊ ဆေးဝါ၊ ရေသန့်၊ အစားအသောက်နှင့် အဝတ်အထည်များ ဝိုင်းဝန်းကူညီ လာရောက်လှူဒါန်းပေးလျက်ရှိသည်။

အဆိုပါကျေးရွာတွင် မတ် ၁၁ ရက် ညနေ ၅ နာရီခွဲခန့်က ဒေါ်မြင့်မြင့်သန်း၏ နေအိမ်အတွင်းရှိ နွားတင်းကုတ်အတွင်း၌ ဝက်စာအိုးကျိုရာမှ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စုပေါင်း (၇၂)စု၊ လူဦးရေပေါင်း (၂၇၀)အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ကြောင်း၊ မီးဘေးသင့် အိမ်ထောင်စုများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာနမှ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မီးဘေးသင့်အိမ်ထောင်စုများအား စားဝတ်နေရေးအတွက် သက်ဆိုင်ရာက စီစဉ်ဆောင်ရွက်ပေးထားပြီး အိမ်ထောင်စုအလိုက် ဝိုင်းမြေကွက်များ အမြန်ဆုံး ပြန်လည်ချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ