mdn

မန္တလေး မတ် ၁၃

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Puppet Festival of Lancang – Menkong ရုပ်သေးပွဲတော်ကို မတ် ၃၀ ရက်မှ မတ် ၃၁ ရက်အထိ မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ သိရသည်။

“မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် Menkong - Lancang ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတစ်ခုဖြစ်တဲ့ Puppet Festival of Lancang – Menkong ရုပ်သေးပွဲတော်ကို Visual စနစ် အွန်လိုင်းစနစ်နဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတော့ သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတွေက အနုပညာရှင်တွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ဖို့ လေယာဉ်အခက်အခဲ၊ ကွာရန်တင်းဝင်ရမယ့် အခက်အခဲတွေ စတဲ့ အခက်အခဲတွေရှိတဲ့အတွက် Visual စနစ်နဲ့ ကျင်းပတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မန္တလေးမြို့ရဲ့ ကျက်သရေဆောင် ရတနာပုံခန်းမမှာ လာမယ့် မတ်လ ၃၀ ရက်နဲ့ ၃၁ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ရုပ်သေးပွဲတော်ကျင်းပရတဲ့ ရည်ရွယ်ချက်က မဲခေါင်ဒေသအတွင်းရှိ နိုင်ငံတွေရဲ့ ရုပ်သေးနဲ့ပတ်သက်တဲ့ အနုပညာရပ်တွေ မပပျောက်ဖို့အတွက် အားလုံးစုပေါင်းပြီး ထိန်းသိမ်းကာကွယ်ဖို့ ဖြစ်ပါတယ်။ နောက်တစ်ချက်က မဲခေါင်ဒေသတစ်လျှောက်မှာရှိတဲ့ နိုင်ငံတွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရုပ်သေးဆိုင်ရာ အနုပညာရပ်တွေကို အပြန်အလှန် ပူးပေါင်းဖလှယ်ခြင်းအားဖြင့် ရုပ်သေးပညာရပ်တွေ ပိုမိုပြန့်ပွားပြီး ရေရှည်တည်တံ့မယ်။ အဲဒါအပြင် နိုင်ငံတွေအကြား ချစ်ကြည်ရင်းနှီးမှုတွေလည်း ပိုမိုခိုင်မြဲမယ်ပေါ့။ ဒီလိုရည်ရွယ်ချက်တွေနဲ့ ကျင်းပခြင်း ဖြစ်ပါတယ်” ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက ပြောသည်။ 

အဆိုပါရုပ်သေးပွဲတော်ကို Menkong - Lancang ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမှ ရုပ်သေးပညာရှင်များ ပူးပေါင်းပြီး ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယင်းရုပ်သေးပွဲတော်တွင် နိုင်ငံအလိုက် ရုပ်သေးဖျော်ဖြေတင်ဆက်မှုများ၊ သက်ဆိုင်ရာ နိုင်ငံအလိုက် ရုပ်သေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားမည့် စာတမ်းဖတ်ပွဲများ စသည့် တင်ဆက်မှုများ ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။

“ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်တွေဆိုတာ နိုင်ငံအလိုက် ထိန်းသိမ်းရမယ့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တွေဘဲ ဖြစ်ပါတယ်။ ဒီယဉ်ကျေးမှုအမွေအနှစ်တွေကို ရှေးဘိုးဘွားဘီဘင်တွေ လက်ထက်ကလည်း အစဉ်အဆက် ထိန်းသိမ်းခဲ့ကြပါတယ်။ အလားတူ နောက်မျိုးဆက်သစ်တွေလည်း ရိုးရာယဉ်ကျေးမှု အနုသုခုမတွေ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းလျက် ရှိပါတယ်။ အဲတော့ နိုင်ငံအလိုက် ထိန်းသိမ်းထားရာကနေ အခုလို မဲခေါင်ဒေသအတွင်းမှာ ရှိတဲ့နိုင်ငံတွေ ပူးပေါင်းပြီးတော့မှ ထိန်းသိမ်းတဲ့အဆင့်ကို ကျွန်တော်တို့က တက်လှမ်းပြီး ဆောင်ရွက်နေတာပါ။ ဒီလိုစီမံကိန်းတွေက အင်မတန်ကောင်းမွန်တဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မဲခေါင်ဒေသအတွင်းမှာရှိတဲ့ ရိုးရာယဉ်ကျေးမှုတွေကို အားလုံးကနေ ဝိုင်းဝန်းထိန်းသိမ်းတဲ့အတွက် ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက်လည်း အထောက်အကူပြုသလို ဒေသတွင်းနိုင်ငံတွေရဲ့ ချစ်ကြည်ရင်းနှီးမှုတွေကလည်း ဒီလိုအနုပညာတွေကို ထိန်းသိမ်းရာကတစ်ဆင့် ပိုမိုပြီး ချစ်ကြည်ရင်းနှီးမှုတွေ ပိုမိုခိုင်မြဲနိုင်မယ်လို့ ယုံကြည်မိပါတယ်” ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ်က ဆက်လက်ပြောသည်။

Puppet Festival of Lancang – Menkong ရုပ်သေးပွဲတော်စီမံကိန်း အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို မတ် ၁၀ ရက်က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ရှိ ပင်မအုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမတွင်း ကျင်းပခဲ့ကြောင်း သိရသည်။ 

ထိပ်ထားနိုင်