ကျောက်ပန်းတောင်း၊ မတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးကြေညာချက် (၁/၂၀၂၂)ကို၊ မြို့နယ်အတွင်းရှိ အများပြည်သူများ သိရှိလိုက်နာနိုင်စေရန် အသိပေးကြေညာခြင်းကို မတ် ၁၂ ရက် ညနေ၄ နာရီခွဲမှစတင်၍ မြို့ပေါ်လမ်းမများနှင့် ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပူပြင်းခြောက်သွေ့သော နွေရာသီကို ရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်အတွင်း မီးမဆင်မခြင်သုံးစွဲမှု၊ ပေါ့ဆမှုတို့ကြောင့် မီးဘေးအန္တရာယ်ဆိုးကြီးများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးကြေညာခြင်းကို ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မြို့တွင်း အဓိကလမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတိပေးကြေညာချက် (၁/၂၀၂၂)၌ အိမ်ထောင်စုတိုင်းတွင် မီးဘေးကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် မီးသုံးစွဲမှုသတ်မှတ်ချိန်များ၊ နေအိမ်တိုင်းတွင် ခိုင်ခန့်သော မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးများနှင့် လှေကားထားရှိရေး၊ မီးလောင်လွယ်သော ဝါးကပ်ထရံ၊ ဝါးတို့ဖြင့် အမိုးအကာ ခင်းထားသော နေအိမ်များတွင် မီးဖိုအား မြေကျင်းတူး အသုံးပြုရန်၊ မီးသုံးစွဲပြီးပါက မီးကျွင်းမီးကျန်များကို စနစ်တကျ အပြီးသတ် ငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ကြရန် စသည်ဖြင့် အချက်(၁၈)ချက်ပါရှိကြောင်း သိရသည်။

အဆိုပါ အသိပေးကြေညာချက်များအား လိုက်နာခြင်းရှိ/မရှိကို မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိပါက မီးသတ်တပ်ဖွဲ့ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မိမိတို့ အိမ်၊ ရပ်ကွက်နှင့် အနီးဝန်းကျင်တွင် မီးလောင်မှု၊ မီးလန့်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားကြပါရန် အသိပေးနှိုးဆော် ကြေညာခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)