မဘိမ်း မတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (CDD) တတိယနှစ်စက်ဝန်း ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လဝါကျေးရွာအုပ်စု၊ လဝါကျေးရွာ၌ ကြိုးတံတားတည်ဆောက်ပြီးစီးမှု အခြေအနေများကို မတ် ၉ ရက် မွန်းလွဲ ၃ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်းရုံးခွဲ ဒုတိယတာဝန်ခံ ဦးဆမ်သိန်းနှင့် ဦးစီးအရာရှိ(နည်း) ဦးဇော်မင်းထွန်း၊ မိုးမိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်း) ဦးစိုင်းတင်ထွန်းဦးတို့က မဘိမ်းမြို့နယ်ဦးစီးမှူး ဦးနိုင်ထက်အောင်၊ ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ လဝါကျေးရွာ ကြိုးတံတားတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါကျေးရွာ၌ ကြိုးတံတား အလျား ၁၄၅ ပေ၊ အကျယ် ၅ ပေ၊ အမြင့် ၂၂ ပေ တည်ဆောက်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၂၈၀၊ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း ၄၅ ဒသမ ၁၄၇ စုစုပေါင်း ၃၂၅ ဒသမ ၁၄၇ သိန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မဘိမ်းမြို့နယ်ဦးစီးမှူး ဦးနိုင်ထက်အောင်ထံမှ သိရသည်။
စိုးမိုးကျော်


