ညောင်ရွှေ မတ် ၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် အင်းလေးကန်ရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး အမျိုးသားအဆင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ပေးအပ်ခြင်းကို မတ် ၇ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်၊ သာလေးကျေးရွာရှိ Shwe Inn Tha Hotel ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး အမျိုးသားအဆင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်အား ပေးအပ်ရာ ရွှေအင်းသာဟိုတယ်ဥက္ကဌ ဒေါ်ခင်ခင်ထွန်းနှင့် ပိုင်းဟေးဟိုတယ် မန်နေဂျာ ဒေါ်ဇာခြည်အောင်တို့က အသီးသီးလက်ခံရယူကြသည်။
ထို့နောက် ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ကလောမြို့အား ခရီးသွားမြို့အဖြစ် ဆောင်ရွက်မည့်အစီအမံအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ


