ကန့်ဘလူ   မတ်   ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မြေထူးကျေးရွာ (မြေထူးမြို့ဟောင်း)ရှိ ရှေးဟောင်းသမိုင်း ဝင် ရွှေဂူမြင့်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ၁၀ ရက်မှ လပြည့်နေ့အထိ (မတ် ၁၁ ရက်မှ ၁၆ ရက်အထိ) အစဉ်အလာမပျက် ကိုဗစ်- ၁၉ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ အကျဉ်းမျှသာ ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့မှ သိရသည်။

ရွှေဂူမြင့်စေတီတော် (မြေထူးမြို့ဟောင်း) ဘုရားပွဲတော်သည် အမြို့မြို့အနယ်နယ် အရပ်ရပ်မှ ကုန်ရောင်းကုန်ဝယ် စျေးသည်များ၊ ဘုရားဖူးပြည်သူများဖြင့် အညာဒေသ ဘုရားပွဲတော်ကြီးအဖြစ် ထင်ရှားသောပွဲတော်ကြီးဖြစ်သည်။

မြေထူးဘုရားပွဲတွင် အညာဒေသထွက်ကုန် ကောက်ပဲသီးနှံပဲမျိုးစုံနှင့် တောင်သူလယ်သမားသုံး ပစ္စည်းများ၊ မီးဖိုချောင်သုံး သံထည်ပစ္စည်းများ၊ နှီးဖြင့်ပြုလုပ်ထားသော ဖျာ၊ တင်းတောင်း စသည့် ပစ္စည်းများ၊ စဉ့်ထည်အမျိုးမျိုး၊ ကျောက်ဖြင့်ပြုလုပ်သော ကျောက်ပျဉ်၊ ငရုတ်ဆုံ စသည့်ပစ္စည်းများ၊ ရက်ကန်းထွက် ချည်ထည်များကို အရပ်ရပ်က စျေးရောင်းစျေးဝယ်တို့သည် မူးမြစ်ကြောင်း လှေ၊ သဗ္ဗာန်တို့ဖြင့်လည်းကောင်း၊ အနီးဝန်းကျင်ကျေးရွာများက လှည်းပေါင်းမိုးကြီးများဖြင့် လည်းကောင်း လာရောက်ရောင်းဝယ်ကြကြောင်း သိရသည်။

ယခုအခါ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေခြင်းကြောင့် ဆရာတော် သံဃာတော်များက ဘုရားအနေကဇာ တင်လှူပူဇော်ခြင်း၊ အရုဏ်ဆွမ်းကပ်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ကပ်လှူခြင်း၊ ရေစက်ချ အမျှပေးဝေခြင်းတို့ ကို အကျဉ်းမျှသာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)