နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီးရှိ အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် မြို့မိမြို့ဖများကို တွေ့ဆုံ
မုံရွာ၊ မတ် ၇
စစ်ကိုင်းတိုင်းဒေသကြီးသို့ ရောက်ရှိနေကြသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ နယ်မြေခံတပ်နယ် တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကိုတွေ့ဆုံကာ လိုအပ်သည်များကိုမှာကြားပြီး စားသောက်ဖွယ်ရာများကို ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ကသာမြို့သို့ သွားရောက်၍ ကသာခရိုင် ရဲရိပ်သာတွင် ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်သည်။ ထို့နောက် ကသာမြို့တော်ခန်းမတွင် ကသာခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အမှာစကားပြောကြားသည်။
ယင်းနောက် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်ကျော်က နယ်မြေ ဒေသ အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ရာ ခရိုင်အဆင့် ဌာနဆိုင်ရာများကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်ကျော်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထက်ဝင်းတို့က လက်ခံရယူကြသည်။
ထို့နောက် ကသာမြို့ရှိ နယ်မြေခံတပ်နယ်သို့ သွားရောက်၍ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကိုတွေ့ဆုံကာ လိုအပ်သည်များကို မှာကြားပြီး စားသောက်ဖွယ်ရာများကို ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့သို့ ရောက်ရှိကာ ခရိုင်အထွေထွေအုပ်ချုပ်ဦးစီးဌာန စုပေါင်းခန်းမ၌ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရွှေဘိုမြို့၊ မြို့တော်ခန်းမ၌ ရွှေဘိုခရိုင်၊ မြို့နယ်အဆင့်၊ ဌာနဆိုင်များနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။ ယင်းနောက် ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးဦးက နယ်မြေဒေသ အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများကို စားသောက်ဖွယ်ရာများ လက်ဆောင်ပေးအပ်ရာ ခရိုင်အဆင့် ဌာနဆိုင်ရာများကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်မျိုးဝင်းတို့ လက်ခံရယူကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


