ကျိုင်းတုံ မတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် နမ့်ခင်ချောင်း ဝဲ/ယာ တွင် ရေစု၍ နေရောင်ခြည်သုံး ဆိုလာစနစ်ဖြင့် ချောင်းရေတင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မတ် ၇ ရက် နံနက် ၉ နာရီက ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာ၊ ကျိုင်းဖောင်းဘုန်းတော်ကြီးကျောင်းတွင် တာဝန်ရှိသူများနှင့် စိုက်ပျိုးရေးတောင်သူများက ညှိနှိုင်းဆွေးနွေးသည်။
ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်က နမ့်ခင်ချောင်းဘေးတစ်လျှောက်ရှိ မြေများတွင် ရာသီသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ဒေသအတွင်း ဆက်လက်ရောင်းချနိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ ကျိုင်းတုံမြို့နယ် နမ့်ခင်ချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး၊ သဲနှုန်းများ ပြန်လည်တူးဖော်၍ ယင်းနမ့်ခင်ချောင်းတစ်လျှောက် ရေဖမ်းနိုင်သောနေရာများတွင် ရေစုပြီး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေတင်ကာ ချောင်းဘေးတစ်လျှောက်ရှိ မြေများတွင် ရာသီသီးနှံများကို တောင်သူများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာဌာနများ၊ စိုက်ပျိုးတောင်သူများနှင့် တာဝန်ရှိသူများက နမ့်ခင်ချောင်းတစ်လျှောက် ရေဖမ်း၊ ရေစုနိုင်ရေး၊ ဆိုလာစနစ်ဖြင့် ချောင်းရေတင်ပေးနိုင်ရေးနှင့် ချောင်းတစ်လျှောက် ရာသီသီးနှံများ အမြန်ဆုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးခဲ့ကြကြောင်း သိရသည်။
နေရောင်ခြည်သုံး ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးရေးလုပ်ငန်းများကို ကျိုင်းတုံမြို့နယ်၊ နမ့်ခင်ချောင်းတစ်လျှောက်ရှိ ယန်းလောကျေးရွာအုပ်စုနှင့် လွယ်လုံကျေးရွာအုပ်စုများမှ တောင်သူများက ရာသီသီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ဒေသအတွင်း ဆက်လက်ရောင်းချနိုင်ရေး လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


