မုဒုံ   မတ်   ၇

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ တံတားများ တည်ဆောက်လျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မုဒုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ခု (၆)လ ဘဏ္ဍရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၁၅၈ သန်းဖြင့် ဝဲကလိ - ဘလောက်ညောင်ဝိုင်းလမ်းပေါ်ရှိ Box Culvert (၁ ဒသမ ၅၂ မီတာ x ၇ ဒသမ ၃၁ မီတာ) တံတားနှစ်စင်းတည်ဆောက်ခြင်း၊ ကော့ခိုက်-ကွေ့ဝမ်းကျေးရွာချင်းဆက် လမ်းပေါ်တွင် ကွန်ကရစ်တံတား (၅ ဒသမ ၄၉ မီတာ x ၆ ဒသမ ၁ မီတာ) တံတားတစ်စင်းတည်ဆောက်ခြင်း၊ ဒိုးမာ - ကွမ်ကဗွီး ကျေးရွာချင်းဆက် လမ်းပေါ်တွင် ကွန်ကရစ်တံတား (၈ ဒသမ ၅၃ မီတာ x ၆ ဒသမ ၁ မီတာ) တံတားတစ်စင်း တည်ဆောက်ခြင်း၊ သာယာကုန်း - တာပသွန် ကျေးရွာချင်းဆက်လမ်းပေါ်တွင် ကွန်ကရစ်တံတား (၄ ဒသမ ၅၇ မီတာ x ၅ ဒသမ ၄၉ မီတာ) တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ စတင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးမှ ကြီးကြပ်၍ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများမှ သတ်မှတ်ကာလ အတွင်း တည်ဆောင်ရေးလုပ်ငန်းများကို စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးနှင့် တံတားများတည်ဆောက်ပြီးစီးပါက  ကျေးရွာများရှိ ဒေသခံပြည်သူများ အနေဖြင့် ရာသီမရွေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများအတွက် ပိုမိုလွယ်ကူ အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)