ညောင်ဦး မတ် ၇

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ လောကနန္ဒာ စွယ်တော်မြတ်စေတီအနီးရှိ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်ကြီးအား လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ပြောသည်။

 

ကမ္ဘာ့ရှားပါး ကြယ်လိပ်များအား ၂၀၀၁ ခုနှစ်က တရားမဝင် ကုန်သွယ်မှုမှ ဖမ်းဆီးရမိသည့် မြန်မာ့ကြယ်လိပ် အထီး ၄၂ ကောင်၊ အမ အကောင် ၄၀ အား ပုဂံမြို့ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ခြံလှောင်စနစ်ဖြင့် မွေးမြူခဲ့ပြီး မြန်မာတစ်နိုင်ငံထဲသာရှိသည့် ရှားပါးမျိုးစိတ် ကြယ်လိပ်သားပေါက်များအား နေရင်းဒေသများသို့ ပြန်လည်လွှတ်ပေးခဲ့သည်။ တရားမဝင် ကုန်သွယ်မှုမှ ဖမ်းဆီးရမိသည့် ကြယ်လိပ် ၈၄ ကောင်တွင် ပါရှိလာသော ကြယ်လိပ်မတစ်ကောင်သည် (၂၁)နှစ်အကြာ ယခု ၂၀၂၂ ခုနှစ်တွင် ကမ္ဘာပေါ်တွင် အကြီးဆုံးကြယ်လိပ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး ကြယ်လိပ်များ၏ အတန်းအစားတွင် ကိုယ်ပိုင်အမှတ် (၁၄၆)ဖြစ်ကာ အသက်အားဖြင့် (၂၂)နှစ်ခန့်ရှိကြောင်း၊ ကြယ်လိပ်များ၏ ကျောပေါ်နှစ်စဉ် ထွက်ပေါ်လာလေ့ရှိသော လိုင်းများကို ရေတွက်၍ အနီးစပ်ဆုံး သက်တမ်းအား ခန့်မှန်းထားခြင်းဖြစ်ကြောင်း လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ပြောသည်။

 

လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်ရှိ ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်မကြီး၏ ကိုယ်ရေးအချက်အလက်ကိုလည်း ကြယ်လိပ်များ၏ မှတ်တမ်းစာအုပ်တွင် ရေးမှတ်ထားရာ လိပ်အမှတ် (၁၄၆)၊ အတန်းအစားအနေဖြင့် အရွယ်ရောက်နေပြီဖြစ်ကာ ကျောခွံအလျား  ၄၇ ဒသမ ၈ စင်တီမီတာ၊ ကျောခွံအနံ ၃၂ ဒသမ ၇ စင်တီမီတာ၊ ရင်ခွင်အလျား ၄၀ စင်တီမီတာ၊ ရင်ခွင်အနံ ၂၇ စင်တီမီတာ၊ အမြင့် ၂၅ ဒသမ ၅ စင်တီမီတာ၊ အလေးချိန် (18-kg) ၃၉ ဒသမ ၆၉ ပေါင်၊ ၁၁ ဒသမ ၀၁ ပေါင်ရှိပြီး ထူးခြားချက် အနေဖြင့် အပျိုကြီး ကြယ်လိပ်မဖြစ်ကြောင်း သိရသည်။

 

ကြယ်လိပ်များသည် ပျှမ်းမျှသက်တမ်း နှစ် (၈၀) ကျော်ထိ နေထိုင်နိုင်ကြပြီး ခြံလှောင်မွေးမြူရေးစနစ်တွင် (၅/၆)နှစ် အရွယ်ရောက်ကြကာ သဘာဝတောတွင် (၁၀/၁၁)နှစ်၌ အရွယ်ရောက်ကြကြောင်း၊ အရွယ်ရောက် ကြယ်လိပ်များအား ကြယ်လိပ်များ၏ မူရင်းဒေသဖြစ်သည့် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး/စကုမြို့နယ် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်နှင့် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် မင်းစုံတောင်တို့တွင် ပြန်လည်လွှတ်ပေးကြောင်း ဦးရွှေဌေးအောင်က ရှင်းပြသည်။

 

ကိုထိန်(ကျောက်ပန်းတောင်း)