မန္တလေး မတ် ၆

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လဘတ်ဂျက်ကာလတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်၌ စိုက်ပျိုးရေး ၁၈၉၀၂ ဧကအကျိုးပြုစေမည့် ကျေးလက်ကုန်ထုတ်လမ်းပေါင်း ၁၄ လမ်း ဖောက်လုပ်ပြီးဖြစ်၍ တောင်သူများ အသုံးပြုဆောင်ရွက်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများကို ယခုဘဏ္ဍာနှစ် ၆ လ ဘတ်ဂျက်တွင် စိုက်ပျိုးရေး တောင်သူများ၏ သီးနှံများအတွက် ပြည် ထောင်စုခွင့်ပြုရန်ပုံငွေကျပ်သန်း ၈၈၀ ကျော်ကို အသုံးပြုပြီး (မြေသား+ဂျင်း) ကုန်ထုတ်လမ်းဖောက်လုပ်ပေးခဲ့ရာ လမ်းအရှည် ၁၉ မိုင်နှင့် ၄ ဖာလုံရှိပြီး၊ လမ်းမှာ ၁၂ ပေအကျယ် ၂ ပေ ၉ လက်မထုရှိသည့် ကျေးလက်ကုန်ထုတ်လမ်း ၁၄ လမ်းကို ဒီဇင်ဘာလမှစ၍ ဖောက်လုပ်ပေးခဲ့ရာ လက်ရှိအချိန်တွင် လမ်းအားလုံးဖောက်လုပ်ပြီးဖြစ်၍ အကျိုးပြုဧကများအတွက် ဆောင်ရွက်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောသည်။

"ကျေးလက်ကုန်ထုတ်လမ်း ၁၄ လမ်းကို ဖောက်လုပ်ပေးဖို့အတွက် အောက်တိုဘာလထဲမှာ တင်ဒါခေါ်ယူခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီဇင်ဘာလထဲမှာတော့ မြေပြင်တည်ဆောက်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ကျေးရွာ ၁၄ ရွာမှာ လမ်း ၁၄ လမ်းဖောက်လုပ်ပေးပါတယ်။ ယနေ့အချိန်မှာတော့ လုပ် ငန်းအားလုံးပြီးစီးပါပြီ။ အကျိုးပြုနိုင်မယ့် ဧကအနေနဲ့ ၁၈၉၀၂ ဧက ရှိပါတယ်။ သက်ဆိုင်ရာဒေသအလိုက်၊ ကျေးရွာအလိုက် စိုက်ပျိုးရေးထုတ်ကုန်တွေကို အချိန်နဲ့ တစ်ပြေးညီဈေးကွက်ကို ရောက်ရှိအောင်၊ မြို့ပေါ်ကို ရောက်ရှိအောင် ကူညီပေးတဲ့ရည်ရွယ်ချက်နဲ့ပါ။ ဖောက်လုပ်ပြီးလမ်းတွေကိုတော့ တောင်သူတွေအနေနဲ့ ရေရှည်သုံးစွဲနိုင်အောင်၊ ပျက်စီးမှုနည်းနိုင်သမျှနည်း အောင် ထိန်းသိမ်းဆောင်ရွက်စေချင်ပါတယ်" ဟု ၎င်းကရှင်းပြ သည်။

တောင်သူများအကျိုးစီးပွားအတွက် သီးနှံများကိုရာသီမရွေး ထုတ်လုပ်နိုင်ရန်အတွက် ယခုဘဏ္ဍာနှစ်ကာလတို ၆ လ ဘတ်ဂျက်တွင် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပေးခဲ့သည့် မြို့နယ်များမှာ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ ပြင်ဦးလွင် မြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်၊ ဝမ်း တွင်းမြို့နယ်၊ သာစည်မြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ရမည်းသင်းမြို့ နယ်၊ မြစ်သားမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ် စသည့်နယ်များရှိ တောင်သူများအတွက် ၁၄ လမ်း ဖောက်လုပ်ပေးခဲ့ပြီး အကျိုးပြုစိုက်ဧက ၁၈၉၀၂ ဧကရှိပြီး၊ အိမ်ခြေ ၉၀၇၇၄ တို့ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)