ဧရာဝတီ  မတ် ၆

နိုင်ငံခြားခရီးသွားများ အထူးစိတ်ဝင်စားမှုကို ရရှိထားသော မြန်မာ့လက်မှုပညာ ဖြစ်သည့် ဝါးလက်မှုကုန်ပစ္စည်းများ နှစ်ဆန်းပိုင်းမှစ၍ ပြည်တွင်းခရီးသွားတို့ဖြင့်    အရောင်းအဝယ်သွက်လာ ကြောင်း သိရသည်။

အာဆီယံနိုင်ငံအချို့တွင် သစ်တောထွက်ပစ္စည်းများမှ တန်ဖိုးမြင့်လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းများထုတ်လုပ်၍  ပြည်တွင်း/ပြည်ပခရီးသွားတို့ထံမှ ဝင်ငွေရရှိလျက်ရှိရာ ဒေသတွင်း နိုင်ငံများတွင် နိုင်ငံခြားဝင်ငွေပိုမိုရရှိရန် ဝါးဖြင့်ပြုလုပ်သောလက်မှု ပညာရပ်များကို ဆန်းသစ်တီထွင် ထုတ်လေ့ရှိပြီး မြန်မာနိုင်ငံတွင်လည်း မြန်မာ့လက်မှုပညာဖြစ်သော ယွန်းပစ္စည်းနှင့် လူသုံးကုန်ဝါးပစ္စည်းများကို နိုင်ငံခြားသားများအထူးနှစ် သက်စိတ်ဝင်စား လေ့ရှိသည်။

လက်မှုပညာထွန်းကားသော မြန်မာနိုင်ငံတွင် စီးပွားဖြစ် ဝါးအလှကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် တန်ဖိုးမြင့် စားသောက်ကုန်များကို ထုတ်လုပ်တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိစေသည့်အပြင် ဝါးတောင်သူနှင့်ထုတ်လုပ်သူတို့၏ လူမှုစီးပွားဘဝ များပိုမိုတိုးတက်ရန် အခွင့်အလမ်းများ ရရှိလျက် ရှိသည်။

“သစ်တောထွက်ဝါးကနေ လူသုံးကုန်၊ စားသောက်ကုန်နဲ့ အလှကုန်ပစ္စည်းထုတ် လုပ်ဖို့တောင်ငူခရိုင်၊ ရေတာရှည်မြို့က ဧက ၂၅၀၀ မှာနှစ်ရှည်ဝါး စိုက်ပျိုးဖို့ဆောင်ရွက်ဖူးတယ်။ ဝါးသက်တမ်းနဲ့ ထုတ်လုပ်မှု နှစ်အလိုက် မှန်ကန်မှတင်ပို့တဲ့ပစ္စည်း အရည်အသွေးလည်းမှန်မှာဖြစ်တဲ့ အတွက်စီမံချက်ချပြီး စိုက်ပျိုးထုတ်လုပ်တဲ့ ဝါးစိုက်ခင်းတွေလိုပါတယ်။ ပုဂံ၊ အင်းလေး၊ တောင်ပေါ်ဒေသနဲ့ မြန်မာပြည် အထက်ပိုင်း၊ အောက်ပိုင်းဒေသတွေက ဝါးပစ္စည်းတွေ ထုတ်ကြတယ်။ တရုတ်နိုင်ငံဆိုရင် ဝါးထုတ်ကုန်ကနေ နှစ်စဉ် ဘီလီယံနဲ့ ချီပြီးရနေတာ။ သစ်တောပေါများတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဝါးကနေ ပြည်တွင်း/ ပြည် ပဝင်ငွေ ပိုမိုရရှိအောင် ဆောင်ရွက်မယ်ဆိုရင်နိုင်ငံတော်နဲ့ဝါးတောင်သူ၊ လုပ်ငန်းရှင်တွေ အဆင် ပြေမှာ အမှန်ပါ”ဟု မြန်မာနိုင်ငံ ဝါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း အထွေထွေအတွင်းရေးမှုး ဦးလှဌေးဝင်က ပြောသည်။

အာဆီယံနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ လာအို စသော နိုင်ငံတို့တွင် ဝါးမှလက်မှုပစ္စည်းများနှင့် စားသောက်ကုန်များကို ထုတ်လုပ်လျက်ရှိပြီး တရုတ်နိုင်ငံတွင် စားသောက်ကုန်မျိုးစုံ၊ ဝါးမျှစ်မှ ဘီယာ၊ အရက်နှင့်ဝါးရွက်မှ သွားတိုက်ဆေး၊ ဆပ်ပြာအပါအဝင် လူသုံးကုန်ပစ္စည်းများ၊ ဝါးမှုံမှ မီးသွေးတောင့်ထုတ်လုပ်၍ ပြည်တွင်းနှင့်ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။

“အရင် ကိုဗစ်ကာလထက်စာရင် ဒီနှစ်ဆန်းပိုင်းမှာဝါးလက်မှု ပစ္စည်းရောင်းဝယ်မှု ပြန်ပြီးလည်ပတ်လာ တယ်လို့ဆိုရမယ်။ ပြည်ပခရီးသွားမရှိပေမယ့် ရုံးပိတ်ရက် ပြည်တွင်း ခရီးသွား ပြန်တက်လာတာကြောင့် နွေဦးအစမှာ အရင်နှစ်ထက်ပိုပြီး အရောင်းအဝယ်သွက်လာတယ်။ ပြည်တွင်းဝယ်လက်ဖြစ်တဲ့ ပုဂံ၊ ချောင်းသာ၊ ပုသိမ်၊ ရန်ကုန်၊ မော်လမြိုင်၊ မန္တလေး၊ စစ်ကိုင်းကိုပို့ရတယ်။ ဝါးဦးထုပ်နဲ့ လက်ကိုင်အိတ်ဆိုရင် ပေါ့ပါးပြီးဒီရာသီနဲ့ ကိုက်ညီတဲ့အတွက် ပင်ရင်းကိုမှာတဲ့ သူများတယ်။ ဒီလုပ်ငန်းဟာ ခရီးသွားလုပ်ငန်းကို အဓိက အခြေခံတာကြောင့် လက်ရှိ ရုံးပိတ်ရက်တွေမှာ ပြည်တွင်း အပန်းဖြေခရီးသွားတွေ တက်လာတဲ့အတွက် ဝါးလက်မှုပစ္စည်း အရောင်းအဝယ်သွက်လာတယ်လို့ ဆိုရမှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ငသိုင်းချောင်းမြို့မှဝါး လက်မှုကုန်ပစ္စည်းလုပ်ငန်းရှင် ဦးအောင်လွင်က ပြောသည်။

ပြည်တွင်းလက်မှုပစ္စည်းဝါးလုပ်ငန်းသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအပေါ်တွင် ရပ်တည်လျက်ရှိပြီး   လက်ရှိတွင် ရန်ကုန်နှင့်ဧရာဝတီတိုင်းဒေသကြီးတို့၌ နှစ်ဆန်းပိုင်း မှစ၍ ရုံးပိတ်ရက် အပန်းဖြေခရီးသွားလာမှု ပြန်လည်နိုးထလာခဲ့ရာ ဒေသထွက်စား သောက်ကုန်များနှင့် သစ်တောထွက် လက်မှုပစ္စည်းအရောင်း အဝယ်အချို့ ပြန်လည်အသက်ဝင်လာခြင်းဖြစ်သည်။ တင်းဝါး၊ လှေသောင်းဝါးနှင့် ဝါးဘိုးဝါးတို့ဖြင့်ပြုလုပ်သော ဦးထုပ်မျိုးစုံ၊ ပိုက်ဆံအိတ်မျိုးစုံ၊ လက်ကိုင်အိတ်မျိုးစုံ၊ ဧည့်ခန်းအသုံးအဆောင်ပစ္စည်းများ၊ ရေနွေးခွက်၊ နှီးချောဖျာမျိုးစုံ၊ ကုလားထိုင်၊ ဖိနပ်မျိုးစုံနှင့် လူသုံးကုန် ပစ္စည်းအမျိုးပေါင်း ၁၀၀ နီးပါး ထုတ်လုပ်ဖြန့်ချိလျက်ရှိကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး