စပါး၊ ဆန် ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့် ပြည်ပဈေးကွက်များသို့ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးနှင့် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပဈေးကွက်များသို့ စဉ်ဆက်မပြတ် တင်ပို့နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ မတ် ၃
စပါး၊ ဆန် ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့် ပြည်ပဈေးကွက်များသို့ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးနှင့် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပဈေးကွက်များသို့ စဉ်ဆက်မပြတ် တင်ပို့နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးများကို ယနေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က စပါး၊ ဆန် ပြည်တွင်း စားသုံးမှု ဖူလုံရေးနှင့် ပြည်ပဈေးကွက်သို့ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးပေးစေလိုပါကြောင်း၊ လက်ရှိကမ္ဘာ့တဝှမ်းဖြစ်ပေါ်နေသည့် အခြေအနေများအရ စားနပ်ရိက္ခာဖူလုံရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာသို့ မြန်မာ့ဆန်များ တင်ပို့ရောင်းချရာတွင် ထိုက်သင့်သည့် ဈေးနှုန်းများရရှိစေရေးနှင့် တန်းမြင့်ဆန်များ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးထုတ်လုပ်သည်မှ ပြည်ပတင်ပို့ရောင်းချသည်အထိ ဆန်စပါးကဏ္ဍ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တလျှောက် ပါဝင်လုပ်ကိုင် ဆောင်ရွက်သူအားလုံး သင့်တင့်မျှတသည့် အကျိုးအမြတ်ရရှိစေရေး ဝိုင်းဝန်းထိန်းကျောင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆန်ကြိတ်ခွဲခြင်းမှ ထွက်ရှိလာသော ဖွဲနုကို တိရစ္ဆာန် အစားအစာအဖြစ် ရောင်းချနေခြင်းအစား အဆင့်မြင့်ကြိတ်ခွဲ ထုတ်လုပ်၍ ဖွဲနုဆီအဖြစ် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ပြီး ပြည်တွင်းဆီလိုအပ်ချက်ကို ဖြည့်ဆည်းသွားနိုင်ရေးကိုလည်း စီမံဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။
ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအတွက် လက်ရှိကမ္ဘာ့အခင်းအကျင်းနှင့် ကိုက်ညီသည့် မူဝါဒများကို ချမှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဌာနများနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များမှ ကဏ္ဍအလိုက် လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပြီး အခက်အခဲများ ရှိပါကလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက စပါး၊ ဆန် ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများအပေါ် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ဝန်ကြီးဌာနများမှ ကူညီဆောင်ရွက်ပေး နိုင်မည့် ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင်ကျင်းပသည့် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံ တိုးမြှင့် ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပဈေးကွက်များသို့ စဉ်ဆက်မပြတ် တင်ပို့နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ ပြည်ပသို့တင်ပို့ရာတွင် သက်ဆိုင်ရာနိုင်ငံအလိုက် လိုအပ်ချက်များဖြစ်သည့် SPS Protocol များ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ထုတ်လုပ်တင်ပို့နိုင်ရေးနှင့် နှစ်စဉ်စဉ်ဆက်မပြတ် တင်ပို့နိုင်ရေး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပြည်ပသို့ တင်ပို့သည့်ပို့ကုန်များ အရည်အသွေး ပြည့်မီစေရေးနှင့် တန်းမြင့်ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂ္ဂလိကကဏ္ဍ အနေဖြင့် ဈေးကွက်သစ်ရှာဖွေမှုတွေကို တိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်ပြီး နိုင်ငံတော်အနေဖြင့် အစိုးရချင်း ချိတ်ဆက်ညှိနှိုင်းမှုများကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ဆီထွက်သီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ် များကို ပိုမိုစိုက်ပျိုးထုတ်လုပ်သွားရန်လိုအပ်ပြီး ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြင့် ပြည်ပမှ ဆီတင်သွင်းမှုကို တစ်ဖက်တစ်လမ်းမှ လျှော့ချနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေ၊ ကမ္ဘာ့နိုင်ငံများသို့ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းစိုက်ပျိုး တင်ပို့မှု အခြေအနေ၊ ပြည်တွင်း/ ပြည်ပ၌ ဖြစ်ပေါ်နေသည့် ဈေးနှုန်းများ၊ စိုက်ပျိုးသူ တောင်သူများမှ ဈေးကွက်လိုအပ်ချက်အရ ပြောင်းလဲစိုက်ပျိုးနေမှု အခြေအနေ၊ ကုန်သွယ်မှု ပုံစံပြောင်းလဲလာမှု အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


