နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် Hybrid Format ဖြင့် ဥပဒေရေးရာ ဝန်ကြီးဌာနရှိ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ နေပြည်တော်ရှိ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေရေးရာ လုပ်ငန်းကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ကိုယ်စားလှယ်တို့က Online မှ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌက ကလေးအလုပ်သမား ပပျောက်ရေးသည် မျက်မှောက်ခေတ်၏ Global Issue တစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံအတွက်ကြီးမားသည့် စိန်ခေါ်မှု ဖြစ်ခြင်းကြောင့် အမျိုးသားရေး တာဝန်အဖြစ် ခံယူပြီး ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၃ ကို ချမှတ် အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ ၈ ရပ် ဖွဲ့စည်းထားရာတွင် ဥပဒေရေးရာ လုပ်ငန်းကော်မတီကလည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ ဥပဒေရေးရာ လုပ်ငန်းကော်မတီအနေဖြင့် မိမိ၏လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် လုပ်ငန်းစီမံချက်ကိုရေးဆွဲပြီး အမျိုးသားအဆင့်ကော်မတီသို့ တင်ပြကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် အတည်ပြုထားပြီးဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ဥပဒေရေးရာလုပ်ငန်းများ တိုးတက်မှု အခြေအနေများကိုလည်း လေ့လာသုံးသပ် ဆောင်ရွက်လျက်ရှိပြီး ဥပဒေပိုင်းဆိုင်ရာများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပြင်ဆင်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ဦးစားပေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်းနှင့် အသစ်ရေးဆွဲခြင်း ပြုနိုင်ရန်အတွက် ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေများ၏ အားနည်းချက်၊ အားသာချက်များကို လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီသို့ အကြံပြုချက်များ တင်ပြသွားမည် ဖြစ်သည့်အတွက် အကြံပြုချက်များရှိပါက မိမိတို့ကော်မတီသို့ ပေးပို့အကြံပြုစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ဥပဒေရေးရာ လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊ ဥပဒေရေးရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်က စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများနှင့် ကလေးအလုပ်သမား ပပျောက်ရေးနှင့် စပ်လျဉ်းသည့် ဟောပြောပွဲများ ကျင်းပရာတွင် အသုံးပြုရမည့် ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက် ကောက်နုတ်ချက်များကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများနှင့် အကြံပြုချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ဥပဒေရေးရာ လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူးက ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ရန် အချက်(၄)ချက်ကို ရှင်းလင်းတင်ပြကာ အတည်ပြုချက် ရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်


