နေပြည်တော် ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ယခုသင်တန်းသည် လေးနက်သည့် သင်တန်းဖြစ်သည့်အတွက် အလေးထား၍ လေ့လာသင်ယူခဲ့မည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းတက်ရောက်လာသူများသည် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ ဖြစ်သည့်အတွက် စစ်ဆေးရေးအဖွဲ့များကို ဦးစီးကြီးကြပ်စစ်ဆေးသူများ၊ ဖြစ်သည့်အတွက် ဦးဆောင်နိုင်သည့် ကျွမ်းကျင်မှုစွမ်းဆောင်ရည် ရှိလာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ စာရင်းစစ်ဆေးရေးလုပ်ငန်းတွင် စာရင်းစစ်ဆေးသည့် အဖွဲ့အစည်း နှင့် စာရင်းစစ်ဆေးခံသည့် ဌာန/အဖွဲ့အစည်းများအကြားတွင် အပြန်အလှန် လေးစားမှုနှင့် အလေးထား၍ ဆက်သွယ်ဆောင်ရွက်ခြင်း (Auditor-Auditee relationship) ဖြင့် စာရင်းစစ်ဆေးရေး လုပ်ငန်းများ ပိုမိုရှင်းလင်း၍ စနစ်ကျလာစေပြီး ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရေးကို ထိရောက်စွာ အကျိုးပြုနိုင်စေမည် ဖြစ်ပါကြောင်း၊ စာရင်းများ စစ်ဆေးရာတွင် ကျွမ်းကျင်မှု အရည်အသွေးများ သာမက ပညာရပ်ဆိုင်ရာ ကျင့်ဝတ်များ (Professional Ethics) ကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းသည် လေ့လာသင်ယူမှုများမှတဆင့် အရည်အချင်းပြည့်ဝသည့် သင်တန်းဆရာများ ဖြစ်လာစေရန်နှင့် မိမိတို့တတ်ကျွမ်းထားသည့် အတွေ့အကြုံကောင်း၊ နည်းစနစ်ကောင်းများကို ပညာအမွေ၊ လူမှုဆက်ဆံရေးအမွေ၊ လုပ်ငန်းစွမ်းရည်ကောင်းအမွေ၊ ဒေသဖွံ့ဖြိုးရေးအမွေများအဖြစ် လက်ဆင့်ကမ်း သင်ကြားရန်လိုကြောင်း မှာကြားသည်။
အဆိုပါသင်တန်းကို Face To Face နှင့် Virtual Learning System တို့ဖြင့် (၂) ပတ်ကြာဖွင့်လှစ်ခဲ့ပြီး ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများမှ လက်ထောက်ညွှန်ကြားရေးမှူး (၂၁) ဦးနှင့် ဦးစီးအရာရှိ (၂၈) ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ လက်ထောက် ညွှန်ကြားရေးမှူး (၃၁) ဦးနှင့် ဦးစီးအရာရှိ (၂၀)ဦး စုစုပေါင်း (၁၀၀) တက်ရောက် ပြီးမြောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


