နေပြည်တော်    ဖေဖော်ဝါရီ ၂၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) လ ဘတ်ဂျက်အတွက် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများက တည်ထောင်ဖွင့်လှစ်ထားရှိသော လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများအတွက် ထောက်ပံ့ကြေးများ ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် ဂေဟာ/ ရိပ်သာ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိရာ ယခုနှစ်အတွက် ကျန်ရှိနေသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၃) ခုသို့ ယခု Online မှ တွေ့ဆုံ၍ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ၊ အခန်း(၆) “သင်တန်းကျောင်း၊ ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း” အရ ဥပဒေနှင့်အညီ တည်ထောင် ခွင့်ပြုမိန့်မှတ်ပုံတင် ရရှိရေးအတွက်လည်း လျှောက်ထားရမည် ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအနေဖြင့်လည်း ဂေဟာ/ရိပ်သာများကို တည်ထောင်ဖွင့်လှစ်ရာတွင် ဂေဟာ/ ရိပ်သာရှိ လက်ခံ စောင့်ရှောက်ထားသူများကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်သည့် အခြေခံကောင်းများ စီစဉ်ပေးရမည်ဖြစ်ကြောင်း၊ ဂေဟာရိပ်သာများအနေဖြင့် သက်ဆိုင်ရာအစိုးရ အဖွဲ့မှလည်း ဂေဟာ/ရိပ်သာ ဖွင့်လှစ်ခြင်းကို သိရှိထောက်ခံချက်ရရှိရန် လိုအပ်ပြီး ဂေဟာ/ ရိပ်သာတိုင်းအတွက် ကြီးကြပ်မှုကော်မတီကိုလည်း စနစ်တကျဖြင့် ခိုင်မာအားကောင်းစွာ ဖွဲ့စည်းထားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးမှူး များက ဂေဟာ/ရိပ်သာ တာဝန်ခံများကို ထောက်ပံ့ကြေးများ လွှဲပြောင်းပေးအပ်သည်။ ထို့နောက် ဂေဟာ/ရိပ်သာများ ကိုယ်စား ကရင်ပြည်နယ်၊ ကော့ဝန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးစောအုန်းတင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၃) ခုရှိ ဂေဟာ/ရိပ်သာများသို့ ယနေ့ထောက်ပံ့ငွေမှာ ငွေကျပ် (၁၄၃၀ ဒသမ ၃၁၃) သန်းဖြစ်သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) လ ဘတ်ဂျက်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခုရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ (၂၁၆) ခု၊ ဘိုးဘွားရိပ်သာ (၈၅) ခု၊  အမျိုးသမီးဂေဟာ (၁၅) ခု၊ မသန်စွမ်းဂေဟာ (၁၁) ခု၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၀၂၇) ကျောင်း၊ စေတနာမူလတန်းညကျောင်း (၈) ကျောင်းနှင့် လူငယ့်ရိပ်သာ (၆) ခုတို့အတွက် ထောက်ပံ့ကြေး စုစုပေါင်း ငွေကျပ် (၁၅၈၂ ဒသမ ၅၅၁)သန်း ထောက်ပံ့ပေးအပ်ခဲ့သည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

သတင်းစဉ်