လားရှိုး   ဇန်နဝါရီ   ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်တွင် နှစ်ကာလ ကြာမြင့်ပြီး ဟောင်းနွမ်းနေသော မင်္ဂလာစည်တော်ကြီးနေရာတွင် မင်္ဂလာစည်တော်အသစ် တင်လှူခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ကျင်းပရာ နိုင်ငံတော် ဩဝါဒါစရိယ အဂမဟာဂန္ထဝါစက ပဏ္ဍိတ မဟာဗောဓာရုံကျောင်း ဆရာတော် ဘဒန္တနာရဒ အမှူးပြုသော ဆရာတော်၊ သံဃာတော် ၁၈ ပါး ကြွရောက်ချီးမြှင့်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး မဟာဗောဓာရုံ ကျောင်းဆရာတော် ဘဒန္တနာရဒထံမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး အမှူးပြုသော ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးကျော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ မြို့မိမြို့ဖများနှင့်ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး တိုင်းမှူးမှ မင်္ဂလာစည်တော်ကြီးကို ဆရာတော်ကြီးများထံ အပ်နှံခြင်း၊ ဆရာတော်ကြီးများက ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုတော်မူခြင်းနှင့် ကြွရောက်လာကြသော ဆရာတော် သံဃာတော် ၁၈ ပါးအား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ထို့နောက် နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် အဂမဟာပဏ္ဍိတ ဇဗ္ဗူအေး အေတီတပ်ဦးကျောင်း ဆရာတော် ဘဒန္တ ဥတ္တမ ထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော် သံဃာတော်များအား အခမ်းအနား တက်ရောက်လာသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဆရာကဝိကျော်ထင်နှင့် အခမ်းအနား တက်ရောက်လာသူများက မင်္ဂလာစည်တော်ကြီးအား ဘိသိက်ချီးမြောက်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကာ သာဓု သုံးကြိမ်ခေါ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး