ညောင်ဦးမြို့နယ်၌ မြေအောက်ရေအသုံးပြု ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုများလာ

ညောင်ဦး ဇန်နဝါရီ ၂၄

 

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်း မြေအောက်ရေတူးဖော်ကာ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူ များလာကြောင်း ဖီးကြမ်းငှက်ပျောစိုက် တောင်သူများထံက သိရသည်။

 

ညောင်ဦးမြို့နယ်မှ ဖီးကြမ်းငှက်ပျော စိုက်တောင်သူများသည် ငှက်ပျောစိုက်ပျိုးခြင်းအား တပေါင်းလ၊ တန်ခူးလတို့တွင် စတင်စိုက်ပျိုးကြကြောင်း၊ လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် ငှက်ပျောစိုက်ပျိုးကြရာတွင် ဖီးကြမ်းငှက်ပျော တစ်မျိုးတည်းသာ စိုက်ပျိုးကြပြီး ငှက်ပျောပေါ်ချိန် ရောင်းအားကောင်းခြင်းကလည်း ဖီးကြမ်းငှက်ပျောသာ ရောင်းအားပိုပြီး ဈေးနှုန်းလည်းရရှိခြင်းကြောင့် ရခိုင်ငှက်ပျောစိုက်ပျိုးမှု မရှိသလောက်ဖြစ်ကြောင်း ငှက်ပျောစိုက်တောင်သူ ဦးအောင်ဌေးက ပြောသည်။

 

ဖီးကြမ်းငှက်ပျောစိုက်ပျိုးရာတွင် တစ်ပင်တစ်ကျင်းစိုက်ပျိုးခြင်း၊ တစ်ကျင်းနှစ်ပင်စိုက်ပျိုးခြင်းဖြင့် ကွက်စိတ်ချစိုက်ပျိုးကြပြီး တစ်ပင်တစ်ကျင်း စိုက်ပျိုးသူများက ငှက်ပျောသားတက်မထားကြဘဲ အပင်အားလုံးအသီးသီးပြီးလျှင် အသစ်ပြန်စိုက်ကြသည်။ တစ်ကျင်းနှစ်ပင်စိုက် တောင်သူများမှာမူ ငှက်ပျောသားတက် တစ်ပင်တစ်တက်ထားပြီး စိုက်ပျိုးကြသည်။ ငှက်ပျောပေါ်ချိန်သည် စိုက်ပြီး ဆယ်လ၊ ဆယ့်တစ်လတွင် ပေါ်ပြီး ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောများအား ညောင်ဦး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း ကုန်သည်များက ငှက်ပျောခြံထိ လာရောက်ဝယ်ယူကြကြောင်းနှင့် လက်ပံခြေပေါ်အုပ်စုအတွင်း ကျေးရွာများ မြေအောက်ရေအသုံးပြု၍ ဖီးကြမ်းငှက်ပျောစိုက်တောင်သူ များလာကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)