အမှတ်ပေးဇယားထိပ်ဆုံးတွင် မန်စီးတီး ဆက်လက်ဦးဆောင်

မန်စီးတီးအသင်းဟာ ပရီမီယာလိဂ် ပွဲစဉ်(၂၃)အဖြစ် ဇန်နဝါရီ ၂၂ ရက် ညပိုင်းက ဆောက်သမ်တန် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပေမယ့် ပရီမီယာလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်ခွင့်ရရှိနေတာလည်း ဖြစ်ပါတယ်။

ဦးဆောင်ဂိုးစတင်ရရှိ

ဆောက်သမ်တန်အသင်းနဲ့ မန်စီးတီးအသင်းတို့ ပွဲစဉ်မှာ အိမ်ရှင်အဖြစ် ဧည့်ခံကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းဟာ ပထမပိုင်းပွဲကစားချိန် ခုနစ်မိနစ်မှာပဲ ဝေါ်ကာပီတာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့တာဖြစ်ပြီး ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ မန်စီးတီးအသင်းကတော့ ပွဲကစားချိန် ၆၅ မိနစ်ရောက်မှ သာ လာပေါ့တီရဲ့ သွင်းဂိုးနဲ့ ချေပဂိုးရရှိခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ဆောက်သမ်တန်အသင်းကို သရေတစ်မှတ်သာ ကစားနိုင်ခဲ့ခြင်းဟာ အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သရေတစ်မှတ်သာ ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပရီမီယာလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၂)နေရာက လီဗာပူးအသင်းကို ၁၂ မှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်ခွင့်ရရှိနေတာလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ သရေရလဒ်မထွက် ပေါ်ချိန်အထိ ပရီမီယာလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာ လိဂ်ပွဲစဉ်၁၂ ပွဲမှာ ၁၂ ပွဲစလုံးကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

အသီးသီးအနိုင်ရရှိ

ဆောက်သမ်တန်အသင်းနဲ့ မန်စီးတီးအသင်းတို့ ပွဲစဉ်နဲ့အတူ တစ်ရက်တည်း ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသော ပရီမီယာ လိဂ်ပွဲစဉ်တွေမှာ မန်ယူအသင်းက ဝက်စ်ဟမ်းအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ နယူးကာဆယ်အသင်းက လိဒ်ယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဝုလ်ဗာဟမ်တန်အသင်းက ဘရန်းဖို့ဒ်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ အက်စ်တွန်ဗီလာအသင်းက အဲဗာတန်အသင်းကို တစ်ဂိုး-ဂိုးမရှိ စသဖြင့် အသီးသီးအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်