MPT ဒေတာအသုံးပြုခနှင့် ဆင်းကတ်သစ်များအတွက်ဝန်ဆောင်ခ ပြောင်းလဲမည်ဖြစ်ကြောင်း သုံးစွဲသူများအား အသိပေး

ရန်ကုန်   ဇန်နဝါရီ   ၂၀

ယခုနှစ် ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ MPT အသုံးပြုသူများအနေဖြင့် အင်တာနက်ဒေတာသုံးစွဲမှုများအတွက် ဝန်ဆောင်မှုနှုန်းထားနှင့် ဆင်းကတ် အသစ်များကို စတင်အသုံးပြုနိုင်ရန်ဆောင်ရွက်ပေး ဝန်ဆောင်မှု (SIM card activation) အပေါ်တွင် ပြောင်းလဲမှုများရှိမည်ဖြစ်ကြောင်း MPT က ဇန်နဝါရီ ၁၄ ရက်တွင် သတင်း ထုတ်ပြန်သည်။

ဥပဒေအရ ဆင်းကတ်အသစ်ကို စတင်အသုံးပြုနိုင်ရန်ဆောင်ရွက်သည့်ဝန်ဆောင်မှုအတွက် ကုန်သွယ် လုပ်ငန်းခွန်ကို တစ်ကြိမ်တည်း ကျပ် ၂၀၀၀၀ တိတိ ပေးဆောင်ရမည်ဖြစ်ပြီး မိုဘိုင်းလ်၊ ကြိုးဖုန်းနှင့် ဖိုင်ဘာနည်းပညာများဖြင့် အသုံးပြုသော အင်တာနက်ဒေတာသုံးစွဲမှုများအတွက် ကုန်သွယ်လုပ်ငန်းခွန် ၁၅ ရာခိုင်နှုန်း ကျသင့်စေရမည်ဖြစ်၍ MPT အင်တာနက်ဒေတာ သုံးစွဲမှုများအတွက် ဝန်ဆောင်မှု နှုန်းထားများနှင့် ဆင်းကတ်အသစ် စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသည့်ဝန်ဆောင်မှုတွင် ပြောင်းလဲမှုများရှိမည်ဖြစ်ကြောင်း၊ ဖုန်းခေါ်ဆိုမှု(အသံ)နှင့် စာတို (SMS)သုံးစွဲမှုများအတွက်မူ အသုံးပြုခများပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်းနှင့် မည့်သို့ပြောင်းလဲမည် ကို သုံးစွဲသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများထံ အသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်တွင်းရှိ ဆက်သွယ်ရေးအော်ပရေတာ လေးခုအနက် တယ်လီနောမြန်မာကလည်း ဥပဒေပြင်ဆင်မှု သည် ဖုန်းခေါ်ဆိုမှုနှင့် စာတိုပေးပို့မှုများအတွက် အကျိုးသက်ရောက်မှုမရှိကြောင်း၊ ဒေတာသုံးစွဲမှု အတွက်မူ ဥပဒေအရ ဝန်ဆောင်မှုနှုန်းထားများ ပြောင်းလဲမှုရှိလာနိုင်ကြောင်းနှင့် မည့်သည့်အချိန်တွင် မည်သို့မည်ပုံ ပြောင်းလဲမှုများရှိလာနိုင်မည်ကို သုံးစွဲသူများနှင့် လက်လီအရောင်းကိုယ်စားလှယ်များထံ အချိန်နှင့်တစ်ပြေးညီ ဆက်လက်အသိပေးသွားမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှု အော်ပရေတာများ အားလုံးအနေဖြင့်လည်း ပြင်ဆင်ပြောင်းလဲမှုများနှင့် သက်ဆိုင်ရာ အိုင်တီစနစ်တို့ လိုက်လျောညီထွေအောင်ပြင်ဆင်ပြောင်းလဲခြင်း မပြုနိုင်မီအချိန်အထိ ဆင်းကတ်အသစ်များ ရောင်းချ မှုကို ရပ်တန့်ထားပြီးဖြစ်ကြောင်း ဇန်နဝါရီ ၈ ရက်ကတည်းက ထုတ်ပြန်ကြေညာထားသည်။ အခြား အော်ပရေတာနှစ်ခုဖြစ်သော မိုင်တဲလ်နှင့် အူရီဒူးမြန်မာတို့ကမူ ဆင်းကတ်ဈေးနှုန်းနှင့် အင်တာနက် ဒေတာအသုံးပြုခပြောင်းလဲမည့်ကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၇ ရက်အထိ ထုတ်ပြန်ခြင်းမရှိသေး သည်ကို တွေ့ရသည်။

ကိုစိုး