တရုတ်-မြန်မာ နှစ်နိုင်ငံ လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ဂိတ်ဖွင့်လှစ်ပြီး ကုန်သွယ်မှုစတင်

လွယ်ဂျယ် ဇန်နဝါရီ ၁၇

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ တရုတ်−မြန်မာ နယ်စပ်ဂိတ်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လလယ်လောက်မှ စတင်ပြီး ကိုဗစ်−၁၉ ရောဂါကြောင့် နှစ်နိုင်ငံကုန်သွယ်မှုကို တရုတ်နိုင်ငံဘက်မှ (၆)လခန့် ရပ်နားခဲ့ရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် နယ်စပ်ကုန်သွယ်ရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဇော်မိုးက ကုန်စည်စီးဆင်းမည့် ကားများအား အမွှေးနံ့သာများ ပက်ဖျန်းပြီး နယ်စပ်ဂိတ်ကို ဖွင့်လှစ်ကာ ကုန်သွယ်မှုစတင်ခဲ့သည်။

 

ယင်းသို့ နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်မိုး၊ မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းနှင့် တာဝန်ရှိသူများက တရုတ်နိုင်ငံဘက်ရှိ တာဝန်ရှိသူများကို On Line စနစ်ဖြင့် (၃)ကြိမ် ဆွေးနွေးခဲ့ပြီး ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ ယခုလို ကုန်သွယ်မှုစတင် ဆောင်ရွက်နိုင်ခဲ့ကြကြောင်း သိရသည်။

 

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဘက်မှ ကြံနှင့် တစ်သျှူးငှက်ပျောတို့ကို စမ်းသပ်ကာလတွင် တင်ပို့ဆောင်ရွက်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဂိတ်ပိတ်စဉ်က နှစ်နိုင်ငံအတွင်း ပိတ်မိနေသော ကားများကို အရေအတွက်တူညီစွာ ဦးစားပေး ဆောင်ရွက်မည်ဖြစ်သည်။ တရုတ်နိုင်ငံဘက်မှ ဓာတ်မြေသြဇာ၊ အထည်လိပ်နှင့် အိမ်သုံးပစ္စည်းမျိုးမျိုးတို့ကို တင်သွင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ကုန်စည်းစီးဆင်းရာတွင်  နှစ်နိုင်ငံသဘောတူညီချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်မှုအနေဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ကုန်တင်ကုန်ချ အလုပ်သမားများကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများကိုသာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ဗန်းမော်ခရိုင်(ပြန်/ဆက်)