အက်စ်တွန်ဗီလာအသင်းက အဲဗာတန် ခံစစ်ကစားသမား ဒဂ်နီကိုအား ခေါ်ယူ

ဇန်နဝါရီ   ၁၆

အက်စ်တွန်ဗီလာအသင်းသည် အဲဗာတန်အသင်းမှ ပြင်သစ်ဘယ်ခံစစ်ကစားသမားဖြစ်သူ လူးကပ် ဒဂ်နီကို ပေါင် ၂၅ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။ အသက် ၂၈ နှစ်အရွယ် အဆိုပါ ခံစစ်ကစားသမားသည် ယခုနှစ်သီ အဲဗာတန်အသင်း၌ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသူဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်က ဂွတ်ဒီဆင်ပတ်ခ်မှ ထွက်ခွာခွင့် တောင်းဆိုထားသူလည်း ဖြစ်သည်။

အက်စ်တွန်ဗီလာအသင်းသည် ယခုအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းမှ ကော်တင်ဟိုကို အငှားဖြင့် ခေါ်ယူနိုင်ခဲ့ပြီးနောက် ဒုတိယမြောက်အဖြစ် ဒဂ်နီကို ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒဂ်နီသည် ၂၀၁၈ ခုနှစ် နွေရာသီတွင် ဘာစီလိုနာအသင်းမှ အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၂၇ ပွဲပါဝင် ကစားထားကာ ခြောက်ဂိုးသွင်းယူပေး ထားသည်။

၎င်းသည် ယခုနှစ်ရာသီတွင် အဲဗာတန်အသင်းအတွက် ၁၅ ပွဲ ပါဝင်ကစားထားသော်လည်း ဒီဇင်ဘာ ၁ ရက်နောက်ပိုင်း ပွဲထွက်ခွင့်ပျောက်ဆုံးနေသူ ဖြစ်သည်။

အက်စ်တွန်ဗီလာ အသင်းသည် အပြောင်းအရွှေ့ကို ဆက်လက်လုပ်ဆောင်ဖွယ်ရှိပြီး ပီအက်စ်ဂျီ အသင်းမှ စပိန်ဂိုးသမား ဆာဂျီယိုရီကို (၂၈နှစ်) နှင့် ဒန်ဒီးယူနိုက်တက်အသင်းမှ စကော့တလန် ခံစစ်ကစားသမား ကားစမစ်(၁၇နှစ်)ကို ခေါ်ယူရန် ပစ်မှတ်ထားနေသည်။ အက်စ်တွန်ဗီလာ အသင်းသည် ပရီ မီယာလိဂ် ၁၉ ပွဲကစားပြီး ရမှတ် ၂၂ မှတ် ရရှိထားသည်။

အောင်ဇော်