မင်းလှ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်သည့် စမ်းအိုင်ကျေးရွာအုပ်စု၊ စမ်းအိုင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေး၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက သက်ဆိုင်ရာ ကုမ္ပဏီများ ကျေးရွာကော်မတီဝင်များနှင့်အတူ စမ်းအိုင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် လမ်းခံနိုင်ဝန် စစ်ဆေးတိုင်းတာခြင်း California Bearing Ratio (CBR) များပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း ၂ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မထု မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာနှစ် (၆)လဘက်ဂျက် ခွင့်ပြုရန်ပုံ ငွေကျပ် ၃၉ ဒသမ ၃၇၄၈ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက နိုဝင်ဘာလ စတုတ္ထပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ စမ်းအိုင်ကုန်ထုတ်လမ်းသည် အဆိုကျေးရွာရှိ အိမ်ခြေ(၃၈၀)အိမ်၊ လူဦးရေ(၁၅၃၈)ဦးတို့၏ လယ်ယာထုတ်ကုန်ဧက (၆၂၀)ကျော် အကျိုးပြုမည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်ပြောပြ၍ သိရသည်။
စိုးမိုးကျော်


