ဂုဏ်ယူဖွယ်ရာ မြန်မာအမျိုးသမီးတို့၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများ

ဒီဇင်ဘာ ၂၆

 

မြန်မာတို့သည် ယဉ်ကျေးမှုအစဉ်အလာ ကြီးမားသော လူမျိုးများဖြစ်ကြသည်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသည့် အားလျော်စွာ မြန်မာ့ရိုးရာယဉ်ကျေးမှုများ ဓလေ့စရိုက်များကို သိရှိပြီး တိုင်းတစ်ပါး ယဉ်ကျေးမှုများကို အထင်မကြီးဘဲ မိမိလူမျိုး မိမိတို့၏ကိုယ်ပိုင် ယဉ်ကျေးမှုများကို ထိန်းသိမ်းကာကွယ်လိုစိတ်များ ရှိကြပေသည်။

 

ထိုအထဲတွင် မြန်မာအမျိုးသမီးများလည်း ပါဝင်လေသည်။ မြန်မာအမျိုးသမီးငယ်လေးများသည် ရှေးခေတ်အခါက အမျိုးသမီးများနည်းတူ ရင်ဖုံးအင်္ကျီ၊ ထဘီများကိုဝတ်ဆင်ကာ ရှေးထုံးအစဉ်အလာ မပျက်စေဘဲ ရိုးရိုးယဉ်ယဉ် ကလေးများဖြင့် လူကြီးမိဘများရဲ့ စိတ်သဘောထားများနည်းတူ ဝတ်စားဆင်ယင် နေထိုင်ကြပြီး ဘုရားသွား ကျောင်းတက် အလှူမင်္ဂလာ ပွဲလမ်းသဘင်များတွင်လည်း မြန်မာဝတ်စုံလေးများဖြင့် ကျက်သရေရှိရှိ ဝတ်ဆင်လာကြသူများ ဖြစ်ကြပါသည်။ သို့သော် အချို့မှာ စကပ်များ၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်များဖြင့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ဖျက်စီးသူ စုန်းပြူးလူငယ်အချို့လည်း ရှိကြသေးသည်။

 

mdn

 

မြန်မာအမျိုးသမီးများသည် နောင်လာမဲ့အနာဂတ်ရဲ့ ကြယ်ပွင့်လေးများ ဖြစ်သည်နှင့်အညီ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဖြစ်တာမို့ တရားတော်နဲ့လျော်ညီတဲ့ ဆင်ယင်ထုံးဖွဲ့မှုများနဲ့သာ ဝတ်ဆင်ကြ၍ မြန်မာကို မြန်မာမှန်း အဝတ်မြင်တာနဲ့တင် တိုင်းတစ်ပါးသားတို့ သိစေချင်ပါသည်။ မြန်မာအမျိုးသမီးလေးများမှာ ရင်ဖုံးအင်္ကျီနှင့် ထဘီ (သို့) လုံချည်များ ဝတ်ဆင်ခြင်းဖြင့်  ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ကြသည်မှာ စံနမူနာ ဖြစ်ခဲ့သည်။ မြန်မာအမျိုးသမီးများသည် ပင်ကိုသဘာဝအရ အေးဆေးတည်ငြိမ်ပြီး စိတ်ထား နူးညံ့သိမ်မွေ့သူများ ဖြစ်သည်နှင့်အညီ က္ကန္ဒြေလည်း ကြီးသူဖြစ်သည်။

 

ထို့ကြောင့်  မြို့ကြီးပြကြီးများမှအစ ကျေးလက်ဒေသ တောရွာများအဆုံး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို အတိမ်းအစောင်းမခံဘဲ အလှပန်းချီဟု တင်စားခေါ်ဆိုထိုက်သော မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု အလှအပများကို အလှပန်းချီဆရာများက မြန်မာ့ယဉ်ကျေးမှု ဆေးစုတ်တံဖြင့် စုတ်ချက်ကောင်းကောင်း ခြယ်သ၍ ပြစေလိုပါသည်။ မြန်မာအမျိုးသမီးများရဲ့ ရိုးရာဝတ်စားဆင်ယင်မှုများမှာ ထာဝရပိုင်ဆိုင်ထားသင့်သကဲ့သို့ အဝတ်များ ဆင်မြန်းသည့် နေရာတွင်လည်း အရှက်တရားနှင့် အကြောက်တရားများကို ထိန်းသိမ်းကာ မရိုးလွန်း၊ မဆန်းလွန်း၊ ခေတ်နောက်လည်း မကျလွန်း၊ ခေတ်ရှေ့လည်း မကျော်လွန်ဘဲ မြင်ရသူတိုင်းရဲ့ စိတ်ထဲနှလုံးသားထဲမှာ မျက်စိအကျဆုံး၊ အကြည်နူးဆုံး၊ ကျက်သရေ မင်္ဂလာအရှိဆုံးဖြစ်တဲ့ မြန်မာ့ရိုးရာဝတ်စုံများကို ဝတ်ဆင်ကာ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းထားကြသော ဂုဏ်ယူဖွယ်ရာ မြန်မာအမျိုး သမီးလေးများ ဖြစ်ပါတော့သည်။ 

 

ဇေယျာထက် (မင်းဘူး)