နေပြည်တော် ဒီဇင်ဘာ ၁၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၊ မြဝတီကုန်သွယ်ရေးဇုန်နှင့် ကျိုင်းတုံ ပို့ကုန်သွင်းကုန်ရုံးတို့မှ ကုမ္ပဏီ(၃)ခု၊ ယာဉ်စီးရေ(၇)စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၁)စီးဖြင့် တန်(၂၀)နှင့် နှာခေါင်းစည်း (Mask)(၂၉)တန်တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည် (Bowser) ယာဉ်(၁)စီးမှာ မြဝတီ ကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။
(သတင်းစဉ်)


